ကာမိုင်း  ၂၈   ဇူလိုင်    

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက် တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် အမည်စာရင်းများ ထုတ်ပြန်ကြေညာမှုများကို ခရိုင်ကော်မရှင်တာဝန်ခံ ဦးကိုကိုလေးဦးဆောင်သည့် အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီက လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ မဲဆန္ဒရှင်အမည်စာရင်းများ ပထမအကြိမ်အနေဖြင့် ထုတ်ပြန်ကြေညာခြင်းကို ခရိုင် ကော်မရှင် ဦးကိုကိုလေး ဦးဆောင်သည့်အဖွဲ့ဝင်များက ကာမိုင်းမြို့ရပ်ကွက်/ကျေးရွာအုပ်စုများ အတွင်းရှိ ဒေသခံ ပြည်သူများ၏ မဲဆန္ဒရှင်များအနေဖြင့် မိမိအမည်စာရင်း ပါ/မပါ၊ အချက်အလက်များ မှန်/မမှန် စစ်ဆေးရန်နှင့် မိမိအမည်မဲစာရင်းတွင်မပါဝင်ပါက အမည်စာရင်းထည့်သွင်းရန်နှင့် မဲဆန္ဒရှင် အမည်စာရင်းများ စနစ်တကျကပ်ထားခြင်း ရှိ/မရှိ စသည်တို့ကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ၎င်းအဖွဲ့မှတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

 

ကာမိုင်းမြို့ ဒေသအတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် လျာထားမဲရုံ(၈)ရုံရှိပြီး လက်ရှိ ကပ်ထားကြေညာထားရှိသော အခြေခံဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၇၄၆)ဦးတို့ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတို့၌ ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ (၁၄)ရက်ကြာ ပထမအကြိမ် အနေဖြင့် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ကြေညာသွားမည်ဖြစ်ကြောင်းနှင့် ဇူလိုင် ၂၅ ရက်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ကာမိုင်း ပြန်/ဆက်)