စဉ့်ကိုင် ၂၈ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ပြည်သူလုထုအတွင်း နှလုံးနှင့်သွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းနှင့် အခြေခံကုထုံးလမ်းညွှန်မှု လုပ်ငန်းဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူက မကူးစက်နိုင်သောရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိ ကုသနိုင်စေရန်၊ ပိုမိုပြင်းထန်သော ရောဂါနှင့် နောက်ဆက်တွဲပြဿနာများကို ရှောင်လွှဲနိုင်ရန် ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်၊ အထက်အဆင့်သို့ လွှဲပြောင်းပေးတတ်ရန်၊ လူနာနှင့် မိသားစုကို အကြုံပြုတတ်ရန်ရည်ရွယ်၍ ဖွင့်လှစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းတွင် သင်တန်းဆရာများအဖြစ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူက ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ခံတွင်းကင်ဆာ၊ ရှာဖွေစစ်ဆေးခြင်းနှင့် ညွှန်းပို့ခြင်း၊ လည်ချောင်းနာခြင်း၊ အာသီးယောင်ခြင်း၊ ကုသနည်းလမ်းညွှန်၊ ဆီးချိုသွေးချိုရောဂါ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေအရ ကုသပေးခြင်းကိုလည်းကောင်း ဦးအောင်ကျော်သင်း၊(ကျန်းမာရေးမှူး) က အရပ်နှင့်ကိုယ် အလေးချိန်တိုင်းတာခြင်း၊ ကိုယ်ခန္ဓာတု ညွှန်းကိန်းတွက်ချက်ခြင်း၊ သွေးပေါင်တိုင်းခြင်း၊ မကူးစက်နိုင်သောရောဂါများ ရှာဖွေကုသခြင်းလုပ်ငန်းများကိုလည်းကောင်း ဒေါ်ယဉ်နွယ်မြင့် ကျန်းမာရေးအဆင့်(၁)တို့က ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုအန္တရာယ်၊ ပန်းနာရင်ကျပ်ရောဂါနှင့် နာတာရှည် လေပြွန်ကျဉ်းရောဂါ ရှာဖွေစစ်ဆေးခြင်းများကိုလည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို HELEN KELLER INTERNATIONAL အဖွဲ့ ဆီးချို၊ သွေးချိုရောဂါ စီမံချက်မှ ပံ့ပိုးကူညီမှုဖြင့် ဇူလိုင်(၂၈)ရက်နေ့မှ (၃၁)ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်သူ အခြေခံကျန်းမာရေး၀န်ထမ်း(၈၀)ရှိပြီး သင်တန်းကို ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ တစ်ဖွဲ့လျှင်(၄၀)ဖြင့် အဖွဲ့(၂)ဖွဲ့ ခွဲ၍ (၄)ရက် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်ပြန်/ဆက်)


