ဒဂုံမြောက် ၂၈ ဇူလိုင်
လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများပါဝင်သော အဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ယခင်က ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ရာမှ ယခုအချိန်တွင် နိုင်ငံတော်မှ ပြည်သူများစားဝတ်နေရေးအတွက် ဖြေလျှော့ပေးသည့်အနေဖြင့် ဆိုင်ထိုင် စားသောက်ခြင်းများကို ပြန်လည်ရောင်းချခွင့်ပြုခဲ့ရာ မြို့နယ်အတွင်း ပြန်လည်ဖွင့်လှစ် ရောင်းချလျက်ရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များမှ ဆိုင်ပိုင်ရှင်များ၊ ဆိုင်တာဝန်ခံများ၊ ဝန်ထမ်းများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ စည်းကမ်း သတ်မှတ်ချက် များအား လိုက်နာဆောင်ရွက်ခြင်းရှိမရှိကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များမှ မြို့နယ်အတွင်း ပင်လုံလမ်းတစ်လျှောက်ရှိ ဆိုင်များအား အဖွဲ့(၂)ဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ရှောင်တခင်စစ်ဆေးမှုနှင့် ပတ်သက်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ နော်ဆုဆုလွင်က “အချို့ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်တွေမှာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှု အားနည်းနေတဲ့အတွက် ယခုလို ရှောင်တခင်စစ်ဆေး ခြင်းဖြစ်ကြောင်း၊ ယခင်စစ်ဆေးချက်များအပေါ် လိုက်နာမှု ရှိ၊ မရှိကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များနှင့် စစ်ဆေးခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် လိုက်နာမှုမရှိပါက သတိပေးခြင်း၊ ဒုတိယအကြိမ် လိုက်နာမှု မရှိပါက ဆိုင်(၃)ရက် ပိတ်သိမ်းခြင်းနှင့် တတိယအကြိမ်တွင် မလိုက်နာပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြောသည်။
မြင့်ရီ(ပြန်/ဆက်)


