ချောင်းဦး   ၂၈ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာတွင် နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19  Economic  Relief  Plan  (CERP) အရ ကျေးလက်ဒေသနေ မိသားစုများဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့်  Cash  For  Work  စီမံကိန်းဖြင့် မှန်ချိုကျေးရွာ မြေသားကန်အနက် နှိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

မှန်ချိုကျေးရွာတွင် Cash  For  Work  စီမံကိန်းမှ ငွေကျပ် သိန်း (၁၀ဝ)ဖြင့် မြေသားကန် ပေ ၁၅၀ ပတ်လည် တစ်ပေအနက်နှိုက်ခြင်း လုပ်ငန်းနှင့် အရှည်ပေ ၇၀ဝ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၈၀ မှ လုပ်သား ၈၀ အား လုပ်အားခ ရှင်းလင်းပေးပြီး လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက ပြောသည်။

 

မှန်ချိုကျေးရွာ Cash  For  Work  စီမံကိန်း ဖြင့် မြေသားကန်အနက်နှိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ရာသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းနှင့် ဝန်ထမ်းများက သွားရောက်ကြည့်ရှု ကြီးကြပ်ခဲ့သည်။

 

ချောင်းဦးမြို့နယ်တွင် Cash  For  Work  စီမံကိန်းဖြင့် ငါးယှန်ကျေးရွာ၊ မှန်ချို ကျေးရွာ၊ ထူးနီကျေးရွာ၊ ရွှေကူကျေးရွာ၊ ရွှေလှကျေးရွာ၊ ကင်မွန်းတော် ကျေးရွာ၊ စုစုပေါင်း ကျေးရွာ(၆)ရွာတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ယမင်း (ရွှေဦးမြေ)