မိတ္ထီလာ ၂၈ ဇူလိုင်
မိတ္ထီလာခရိုင်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်သော ၂ဝ၁၉-၂ဝ၂ဝ ခုနှစ် မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါ အထူးဇုန် ဧက ၅ဝဝ အတွက် ယူရီးယားဓါတ်ဩဇာအိတ် ၅ဝဝ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်နံနက် ၉နာရီက မိတ္ထီလာမြို့နယ် ကန်တော်မင်္ဂလာခမ်း၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဒုတိုင်းဦးစီးမှူး ဦးစိုင်းသန်းအောင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသိန်းက မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါ အထူးဇုန် ဧက ၅ဝဝ အတွက် ဓါတ်မြေဩဇာ အိတ်များ ထောက်ပံ့ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ မလှိုင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် သာစည်မြို့နယ်များမှ ဝါစိုက် တောင်သူများ၏ ကိုယ်စားလှယ်များထံသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်ပေးအပ်သည့် ဓါတ်မြေဩဇာစုစုပေါင်း အိတ် ၅ဝဝ ကို ဒုတိုင်းဦးစီးမှူး ဦးစိုင်းသန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သည်။
မိတ္ထီလာခရိုင်အတွင်းမှာ ၂ဝ၁၉-၂ဝ၂ဝ ခုနှစ် မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါအထူးဇုန် ဧက ၅ဝဝ ကို စိုက်ပျိုးခဲ့ပြီး မိတ္ထီလာမြို့နယ် မှာ ဧက ၁ဝဝ ၊ မလှိုင်မြို့နယ်မှာ ဧက ၁၅ဝ ၊ ဝမ်းတွင်းမြို့နယ်မှာ ဧက ၁ဝဝ နဲ့ သာစည်မြို့နယ်မှာ ဧက ၁၅ဝ စိုက်ပျိုးတာဖြစ်ပါတယ်။ ခရိုင်အတွင်းက ဝါစိုက်တောင်သူများကို သီးနှံစတင်စိုက်ပျိုးတဲ့အချိန်မှာလည်း ဝါသီးနှံမျိုးစေ့များ၊ စုတ်ပိုးကာကွယ်ဆေး(ဂေါ်ချို)များ ထောက်ပံ့ပေးအပ်တာနဲ့ လိုအပ်တဲ့စိုက်ပျိုးရေး နည်းပညာတွေ ပံ့ပိုးကူညီတာမျိုးတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါသီးနှံပင်ရရှိနေပြီဖြစ်တဲ့ တောင်သူများကို သီးနှံအထွက်နှုန်းကောင်းအောင် အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ တိုင်းဒေသကြီးအစိုးအရအဖွဲ့ အစီအစဉ်နဲ့ အခုလို ဓါတ်မြေဩဇာအိတ်တွေ ထောက်ပံ့ပေးအပ်တာ ဖြစ်ပါတယ် ”ဟု ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးဦးစိုးသိန်းက ပြောပြ၍ သိရသည်။
ချမ်းသာ ( မိတ္ထီလာ )


