မန္တလေး  ၂၈ ဇူလိုင်

 

မန္တလေးမြို့မှ ပရိယတ္တိသာသနာ့ဟိတအသင်း၏ (၁၁၄)ကြိမ်မြောက် နယုန်လ စာလျှောက်မေးခမ်း စာမေးပွဲကို ဇူလိုင် ၂၇ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ မန္တလေးမြို့၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၅လမ်းရှိ အဆိုပါ အသင်းတိုက် ဓမ္မဗိမာန်ကြီးတွင် ကျင်းပပြုလုပ်သည်။

 

ထိုသို့ ဖြေဆိုရာတွင် စာချတန်း၌ (၄၅)ပါး၊ စာသင်တန်း၌ (၁၄၉)ပါး၊ စုစုပေါင်း (၁၉၄)ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး ပရိယတ္တိသာသနာ့ဟိတအသင်းဥက္ကဋ္ဌ ဦးသိန်းထွန်း(ဆားတောင်ပွဲရုံ)၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဦးအောင်ငွေ (ဘယဆေး)၊ ဦးစိုးလွင်(ဇင်ယော်)၊ အတွင်းရေးမှူး ဦးဇော်ဇော် တို့နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များက ကြီးကြပ်ကြသည်။

 

အဆိုပါ စာမေးပွဲကို ဇူလိုင် ၂၇ ရက် မှ ဇူလိုင်လ ၃၁ ရက် အထိ သတ်မှတ်အချိန်စာရင်းအတိုင်း ကျင်းပ စစ်ဆေးသွားမည်ဖြစ်ပြီး စာမေးပွဲကျင်းပရာတွင် အလှူရှင်များက စာဖြေသံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများက လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နယုန်လစာလျှောက်မေးခမ်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြသည့် ရဟန်းတော်များသည် စာသင်တန်း ဖြေဆိုပြီးမှသာ စာချတန်းသို့ ဝင်ရောက်ဖြေဆိုရပြီး အတန်းအသီးသီးအတွက် နှုတ်ထောက် အာဂုံစစ်ဆေးမှုကို ဉီးစွာဖြေဆို၍ အဆိုပါစစ်ဆေးမှု အောင်မြင်မှသာ ရေးဖြေစာမေးပွဲသို့ ဝင်ရောက် ဖြေဆိုခွင့်ရရှိခြင်းဖြစ်ကာ စာချတန်း အောင်မြင်ပါက အသင်းကြီးမှ အဘိဝံသဘွဲ့ထူးကို ဆက်ကပ် ပူဇော်သည်။

 

ထို့ပြင် ယမန်နှစ်က ကျင်းပပြီးစီးခဲ့သည့် (၁၁၃)ကြိမ်မြောက် စာလျှောက်မေးခမ်း၌ စာချတန်းတွင် (၄၁)ပါး ဖြေဆိုခဲ့ရာ (၂)ပါး သာ အောင်မြင်ပြီး စာသင်တန်း၌ (၁၈၆)ပါး ဖြေဆိုရာ (၈)ပါးသာ အောင်မြင်တော်မူသဖြင့် ပရိယတ္တိစာမေးပွဲများတွင် အခက်ခဲဆုံး စာမေးပွဲဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)