လိုင်လင်းပီ  ၂၈ ဇူလိုင်                 

    

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ စသည့် မိသားစု အပိုဝင်ငွေများရရှိနိုင်မည့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ လုပ်ကိုင်လာနိုင်စေရန်နှင့် သောက်သုံးရေ ရရှိနိုင်စေ ရန်ရည်ရွယ်ချက်တို့ဖြင့် ဂျပန်နိုင်ငံ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ(ODA) ၏ ငွေကြေးထောက်ပံ့မှုဖြင့်Terra People Association (ကမ္ဘာ့လူသားအဖွဲ့အစည်း) မှ ရေပိုက်သွယ်တန်း ပေးလျက်ရှိသည်။

   

"ခုချိန်မှာ လိုင်လင်းပီမြို့ကနေ (၆.၈) မိုင်ကွာ ဝေးတဲ့ လောက်ရှည်တောင်နားက ဇော်ဆီးချောင်း အပါအဝင် ဟိုင်ထန်းချောင်းနှင့် ဘီအော်ချောင်း တို့ကနေ (၃)လက်မပိုက်တွေနဲ့ သွယ်ယူထားတာ ဖြစ်ပြီးတော့ မြို့တွင်းမှာ တည်ဆောက်ထားတဲ့ ဂါလန်(၂၆၀၀၀)ဆံ့ ရေကန်ထဲစီးဝင်ခိုင်းပြီး  အဲဒီကနေ တစ်ဆင့် ရေပိုက်အလျား ပေ(၁၃၀၀၀)ကျော် ရှိတဲ့ (၃)လက်မပိုက်နှင့် မြို့တွင်းကို ပြန်လည် ဖြန့်ဝေ ပေးသွားမှာဖြစ်ပါတယ်” ဟု Terra People Association မှ လိုင်လင်းပီမြို့ ရေပိုက်သွယ်တန်း ခြင်းလုပ်ငန်းတာဝန်ခံ ဦးထွန်းဝင်းသန့်က ပြောကြားသည်။

   

အဆိုပါရေပိုက်သွယ်တန်းခြင်းလုပ်ငန်းမှာ ဂျပန်နိုင်ငံ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ(ODA) ၏ ထောက်ပံ့ငွေ ကျပ်သိန်း (၆၀၀၀)ကျော် ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ လုပ်ငန်းပြီးစီးမှု (၇၆) ရာခိုင်နှုန်းရောက်ရှိပြီဖြစ်ကာ  လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးပါက  မြို့ပေါ်နေ ပြည်သူများအနေဖြင့် တစ်ဦးလျှင် နေ့စဉ် ပျမ်းမျှ ရေဂါလန် (၂၅) ဂါလန်ခန့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

    

လက်ရှိအချိန်တွင် လိုင်လင်းပီမြို့တွင်း၌ သောက်သုံးရေများကို  မြို့စည်ပင်သာယာရေး အဖွဲ့၏ မြို့တွင်းရေဖြန့်ဝေရေးလုပ်ငန်းမှ ဖြန့်ဝေပေးလျက်ရှိပြီး  အဆိုပါ ဂျပန်နိုင်ငံ တရားဝင် ဖွံ့ဖြိုးမှု အကူအညီ(ODA) ၏ ငွေကြေးထောက်ပံ့မှု ဖြင့် လုပ်ဆောင်နေသည့် ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးပါက လိုင်လင်းပီမြို့ပေါ်နေပြည်သူများအနေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များလုပ်ကိုင်နိုင်ရန်နှင့် သောက်သုံးရေများ ပိုမိုရရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။

 

ယာကမ် (ပြန်/ဆက်)