ရန်ကုန် ၂၈ ဇူလိုင်
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ဂျာမန်ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြုလုပ်သည့် ရှေးဦးပြုစုခြင်းမူဝါဒ(၂၀၂၀) အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel ၌ ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်းသည် အသင်း၏ ပင်မသွေးကြောတစ်ခု ဖြစ်သည့်အတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ ရှေးဦးပြုစုခြင်း သင်တန်းများကို အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်အဆင့်များအထိ ယခုထက် ပိုမိုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရှေးဦးပြုစုခြင်းပညာရပ်များ ပြန့်ပွားစေရန် အမျိုးသားအဆင့် အစီအမံများ ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များရေးဆွဲကာ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ရာတွင် အသင်း၏ သတ်မှတ်ထားသော မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ရှေးဦးပြုစုခြင်းမူဝါဒကို အသစ်ပြန်လည်ရေးဆွဲရခြင်း ဖြစ်ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဂျာမန်ကြက်ခြေနီအသင်း ဌာနေကိုယ်စားလှယ် Mr.Emilio က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်း အမှုဆောင်များ ဖြစ်ကြသော ဒေါက်တာတင်ညွန့်နှင့် ဒေါ်ကြူကြူဝင်း၊ ဒေါက်တာထိန်လင်းနှင့် ဒေါက်တာသိန်းငွေ၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဒေါက်တာတင်ထွန်းအောင်၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ စီမံကိန်းမန်နေဂျာနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရှေးဦးပြုစုခြင်းသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်၊ ကျေးရွာများတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး သင်တန်းတက်ရောက်ပြီးသူ ကြက်ခြေနီ စေတနာလုပ်အားရှင်များမှလည်း အကူအညီလိုအပ်သူများကို ရှေးဦးပြုစုခြင်းဖြင့် ပြုစုစောင့်ရှောက်မှုများ ပေးလျက်ရှိသည်။
ဝင်းအောင်(MRCS)


