(၂၈-၇-၂၀၂၀ ရက်၊ နေပြည်တော်)

 

၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား(၃၇) ဦးနှင့် အမေရိကန်ပြည်ထောင်စု၊ အီဂျစ်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘလ်ဂျီယံနိုင်ငံ၊ အီတလီနိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ဆိုက်ပရပ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဂျာမနီနိုင်ငံတို့မှ မြန်မာနိုင်ငံသား (၇၇) ဦး၊ စုစုပေါင်း (၁၁၄) ဦး တို့အား အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် (၁၅) ကြိမ်မြောက် ကိုရီးယား လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည (၁၆:၃၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

 

၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

၃။ ပြည်ပနိုင်ငံများ တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားစုစုပေါင်း (၉၁၀၅) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

 

Credit #Ministry_of_Foreign_Affairs