ပွင့်ဖြူ ၂၈ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု ငါးခြောက်ကျွန်းကျေးရွာ အ.ထ.ကကျောင်းတွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရကြောင်း အဆိုပါ ငါးခြောက်ကျွန်းကျေးရွာ အ.ထ.ကမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေကျော်ထံမှ သိရသည်။
“ကျွန်မတို့ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ငါးခြောက်ကျွန်းကျေးရွာ အ.ထ.ကကျောင်းကို ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်တဲ့အတွက် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေ အန္တရာယ်ကင်းဝေးစေရေး ယနေ့နံနက်ပိုင်းကစပြီး ဇူလိုင် ၃၀ ရက်အထိ ကျောင်းကို ခေတ္တယာယီပိတ်ထားပါတယ်။ မြစ်ရေဝင်ရောက်မှုအနေနဲ့ ဇူလိုင် ၂၆ ရက်ကစပြီး နည်းနည်းချင်း ရေဝင်ရောက်တာပါ။ ဒီနေ့မနက်မှာတော့ ကျောင်းရှေ့နဲ့ ကျောင်းဝင်းအတွင်းမှာ ရေအနက် ခန့်မှန်း တစ်ပေခွဲ၊ နှစ်ပေခန့် ရေဝင်ရောက်ခဲ့လို့ ကျောင်းကို ယာယီပိတ်ထားခြင်းဖြစ်ပါတယ်။ မြစ်ရေအတက်အကျပေါ် မူတည်ပြီး ကျောင်းကို ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး ယာယီပိတ်ထားတဲ့ ရက်တွေကိုလည်း ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ ကျောင်းသားကျောင်းသူတွေ သင်ခန်းစာ နောက်မကျအောင် ရက်အစားထိုးပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်” ဟု ငါးခြောက်ကျွန်းကျေးရွာ အ.ထ.ကကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေကျော်က ပြောသည်။
ယခု ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် ငါးခြောက်ကျွန်းကျေးရွာ အ.ထ.ကကျောင်းတွင် Grade – 10 (ဒသမတန်းစနစ်သစ်) ကျောင်းသားကျောင်းသူ ၅၄ ဦးနှင့် Grade – 11 (ဒသမတန်းစနစ်ဟောင်း) ကျောင်းသားကျောင်းသူ ၄၀ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၉၄ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရပြီး ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ကျောင်းသားကျောင်းသူများ အန္တရာယ်ကင်းဝေးစေရေးအတွက် ကျောင်းအား ခေတ္တယာယီပိတ်ထားရကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


