နေပြည်တော် ၂၈ ဇူလိုင်

 

အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်၏ (၅)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီခွဲက Video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank – AIIB) ၏ မြန်မာနိုင်ငံဆိုင်ရာ ဂါဗနာဖြစ်သူ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နေပြည်တော်မှ ပါဝင်တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအစည်းအဝေးတွင် အလှည့်ကျ ဒုတိယသဘာပတိ တာဝန်ကို ထမ်းဆောင်သည်။

 

အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး Liu Kun အပါဝင် AIIB အဖွဲ့ဝင် (၁၀၂) နိုင်ငံမှ ဂါဗနာဖြစ်သူ ဘဏ္ဍာရေးဝန်ကြီးများ၊ AIIB President Mr. Jin Liqun နှင့် အကြီးတန်းအရာရှိများ တက်ရောက်ကြပြီး၊ သဘာပတိအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး Liu Kun က ဆောင်ရွက်သည်။

 

နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် သမ္မတ မစ္စတာ ရှီကျင့်ဖျင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ သဘာပတိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး Liu Kun၊ ဒုတိယ သဘာပတိ (၁) မြန်မာနိုင်ငံမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဒုတိယသဘာပတိ (၂) အိုက်စ်စလန်နိုင်ငံမှ ဘဏ္ဍာရေးနှင့် စီးပွားရေးရာဝန်ကြီး Honorable Bjarni Benediktsson တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

 

ကမ္ဘာနှင့်အဝန်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများကြောင့် AIIB သည် ယခုနှစ်ပတ်လည် အစည်းအဝေးကို Virtual Meeting ပုံစံဖြင့်ကျင်းပခြင်းဖြစ်ပြီး၊ အစည်းအဝေးတွင် ဂါဗနာများမှ AIIB ၏ ဒုတိယသက်တမ်း (၅) နှစ်အတွက် ဥက္ကဋ္ဌ ရွေးချယ်ခြင်း၊ AIIB President Mr. Jin Liqun က AIIB ၏လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေများကို တင်ပြခြင်း၊ AIIB သို့ အဖွဲ့ဝင်သစ်အဖြစ် ဝင်ရောက်ရန် အဆိုပြုထားကြသည့် နိုင်ငံများအား အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရန် ဂါဗနာများက ဆုံးဖြတ်အတည်ပြုခြင်း၊ AIIB မှ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ၂၀၂၁ ခုနှစ်တွင် (၆) ကြိမ်မြောက် AIIB ၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပမည့်နိုင်ငံကို ကြေညာခြင်းတို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အဆိုပြုတင်ပြသော လက်ရှိ AIIB President Mr. Jin Liqun အား ဒုတိယ (၅) နှစ်သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် ဂါဗနာများက ထောက်ခံအတည်ပြုခဲ့ကြသည်။ (၆) ကြိမ်မြောက် AIIB ၏ နှစ်ပတ်လည် အစည်းအဝေးအား အာရပ်စော်ဘွားများပြည်ထောင်စုတွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပရန် ဂါဗနာများက အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။

 

AIIB ကို အာရှဒေသနှင့် စီးပွားရေးအရ ဆက်စပ်မှုရှိနေသောနိုင်ငံများအကြား ရင်းနှီး  မြှုပ်နှံမှုအတွက် အရေးကြီးလိုအပ်သည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများအား ပံ့ပိုးပေးရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၅ ခုနှစ်၊ ဧပြီ ၁၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ စတင်တည်ထောင်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဘဏ်လုပ်ငန်းများအား စတင်ဆောင်ရွက်ခဲ့သည်။ ဘဏ်စတင် တည်ထောင်ချိန်၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၅၇) နိုင်ငံက Founding Members များအဖြစ် စတင်ဝင်ရောက်ခဲ့ကြရာ ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀၂) နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုအဖြစ် အဖွဲ့ဝင်နိုင်ငံများတွင် Projects (၈၇) ခု၌ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ (၁၉ ဒသမ ၆) ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။

 

ထို့အပြင် AIIB သည် ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလအတွင်း Crisis ကြောင့်ထိခိုက်ခံရသည့် အဖွဲ့ဝင်နိုင်ငံများသို့ ချေးငွေများထုတ်ချေးနိုင်ရေးအတွက် ကနဦးအဖြစ် အမေရိကန်ဒေါ်လာ (၅) ဘီလီယံမှ (၁၀) ဘီလီယံအတွင်းရှိ AIIB COVID-19 Crisis Recovery Facility တည်ထောင်၍ အဖွဲ့ဝင်နိုင်ငံများသို့ ချေးငွေများ ပံ့ပိုးပေးသွားရန် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁၆ ရက်က ကြေညာခဲ့ပြီးဖြစ်သည်။ ယင်း Facility အောက်တွင် ကမ္ဘာ့ဘဏ်၏ International Development Association (IDA) အဖွဲ့ဝင်ဖြစ်သည့် AIIB အဖွဲ့ဝင်နိုင်ငံများသို့ ချေးငွေများ ဦးစားပေးထုတ်ချေးနိုင်ရန် ကနဦးအဖြစ် အမေရိကန်ဒေါ်လာ သန်း (၃၀) ရှိ Special Fund Window (SFW) တည်ထောင်၍ ချေးငွေများပံ့ပိုးပေးသွားရန် ၂၀၂၀ ပြည့်နှစ်၊ မေ ၇ ရက်၌ ကြေညာခဲ့ပြီးဖြစ်သည်။ 

 

ယင်းနှစ်ပတ်လည်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ AIIB ၏ တွဲဖက် ဂါဗနာ ဖြစ်သူ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် AIIB ဘုတ်အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ တွဲဘက် ဒါရိုက်တာဖြစ်သူ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးတို့ ပါဝင်တက်ရောက်ကြောင်း သိရသည်။

 

သတင်းစဉ်