နေပြည်တော် ၂၈ ဇူလိုင်

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်စား အမေရိကန်-အာဆီယံစီးပွားရေး ကောင်စီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Alexander C. Feldman နှင့် Senior Vice President and Regional Managing Director Ambassador Michael W. Michalak တို့ အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၌ Video Conferencing ဖြင့် လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် အကူအညီ အထောက်အပံ့ပေးနေမှုများကို ကျေးဇူးတင်ရှိပါကြောင်း ဉီးစွာပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အပါအဝင် ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး ထိခိုက်မှုလျော့ပါးစေရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို ‌ဆွေးနွေးပြောကြားသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံ အကြားကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ သိသာစွာ တိုးတက်လျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ ကုန်သွယ်ဘက် ၅၁ နိုင်ငံတွင် အမေရိကန်မှာ အဆင့် ၁၃ တွင် တည်ရှိသောကြောင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် လည်းကောင်း၊ အမေရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက် လည်းကောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်နိုင်မည့် အခွင့်အလမ်းကောင်း များစွာရှိကြောင်း ပြောကြားသည်။

 

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဘက်မှ တက်ရောက်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် ရရှိနေသည့် အောင်မြင်မှုများအတွက် အသိအမှတ်ပြုပါကြောင်း၊ တည်ငြိမ်သောစီးပွားရေးကို ထိန်းသိမ်းထားနိုင်မှုနှင့် အနာဂတ် အလားအလာများကြောင့်လည်း မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်း၊ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကုန်သွယ်ရေး ဖြေလျှော့မှုများကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စွမ်းအင်ကဏ္ဍနှင့် ဒီဂျစ်တယ် စီးပွားရေးကဏ္ဍတို့တွင် တိုးမြှင့်ပူးပေါင်း ဆောင်ရွက်သွားရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးတို့အတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှာ မျှော်မှန်းထားသည့်အတိုင်း ဝင်ရောက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒနှင့် လုပ်ငန်းစဉ်များကို OECD ၏ အကူအညီဖြင့် ပြန်လည်သုံးသပ်လျက်ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံသူများအတွက် လွယ်ကူချောမွေ့စေမည့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာသေးမီကပင် ဂျပန်ကုမ္ပဏီ သုံးခုဖြစ်သည့် Marubeni Sumitomo Corp. နှင့် Mitsui & Co. တို့မှ ဉီးဆောင်ရင်းနှီးမြှုပ်နှံမည့် LNG to Power စီမံကိန်းအတွက် Notice to proceed ကို ပေးအပ်ခဲ့ပြီးကြောင်း၊ အဆိုပါစီမံကိန်းတွင် လျှပ်စစ်ဓာတ်အား ၁၂၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံပါဝင်သဖြင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် အဓိကကျသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် စွမ်းအင်ကဏ္ဍ၏ အခြေခံ အဆောက်အအုံများကို တိုးချဲ့ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အထူးစိတ်ဝင်စားမှုများ ရှိနေသည်ကို သိရသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဘက်မှ Chevron ၊ ExxonMobil ၊ Chubb ၊ Coca-Cola ၊ Visa ၊ Scoular အပါအဝင် အမေရိကန်ထိပ်တန်းကုမ္ပဏီ (၁၀) တို့မှ ဒေသဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အပါအဝင် ကိုယ်စားလှယ်စုစုပေါင်း (၃၀) ဉီးခန့် တက်ရောက်ခဲ့သည်။

 

သတင်းစဉ်