ဒေါက်တာသက်လွင် (အမျိုးသားစာပေဆုရ)

“အချောက် ၊ ရေ နွံ
ကျုံးသုံးတန်၊ မြို့ထံပါတ်လည်မှာ” ဟူသော စကား အရ ကျုံးမှာ သုံးမျိုးသုံးစားရှိသည်၊ အချောက်ကျုံး၊ ရေကျုံး၊ နွံကျုံး ဟူ၍ရှိသည်။ ပုခန်းကြီးမြို့ရိုးနှင့် ကျုံး သည် ဤသုံးမျိုးစလုံးနှင့် အကျုံးဝင်စေသည်။
“မှုထမ်းတော်၊ အလွန်ကောင်းလျက်ကယ်နှင့်
တူးမြောင်းထဲရေမလာ၊ ယိုးမယ်ဖွဲ့ကာ၊
နောင်မဟာ၊ ငြိုးရှာလို့ပြစ်ထား
ကျော်စွာမောင်၊ အသေဆန်း
ခန်းရွှေမြို့သား”
ပုခန်းကိုကြီးကျော် နတ်ချော့ဖြစ်သည်။ ပုခန်း ကျုံး နှင့် မြို့ရိုးကိုအေဒီ ၇၄၄ ခုနှစ်တွင် စည်သူနှင့် ကျော်စွာ ကတည်ခဲ့သည်။ ယခု ၂ဝ၂ဝ ပြည့်နှစ်ဆိုလျှင် ၁၂၇၆ နှစ်ကြာခဲ့ပြီဖြစ်သည်။ စည်သူနှင့် ကျော်စွာ ညီအစ်ကို သည် ပုဂံမင်းဆက် (၂၇)ဆက်မြောက် သိန်းခွန်မင်း၏ သားတော်များဖြစ်သည်၊ သိန်းခွန်မင်းသည် အေဒီ ၇၃၄- ၇၄၄ ခုနှစ်၌ ပုဂံနေပြည်တော်တွင် နန်းစံသည်။

 

ျါျါ်
 

သိန်းခွန်မင်းတွင် တောင်နန်းမိဖုရား၊ ရွှေလောင်း မိဖုရားနှင့် မြောက်နန်းမိဖုရား၊ ရွှေကိုင်းမိဖုရားတို့ ရှိသည်။ ရွှေကိုင်းမိဖုရားမှမွေးဖွားသော သားတော်မှာ စည်သူနှင့် ကျော်စွာဖြစ်သည်။ ရွှေလောင်း မိဖုရားခေါင် ကြီးမှ မွေးဖွားသော သားတော်မှာ အသက်ငယ်သည်။ သိန်းခွန်မင်းသည် သားတော်သုံးပါးအနက် မည်သူ့ကို အိမ်ရှေ့မင်းသားတာဝန်ပေးသင့်သလဲဟု စဉ်းစားရသည်။ အိမ်ရှေ့မင်း ရာထူးခန့်အပ်ရာတွင် တောင်နန်းစံမိဖုရား ခေါင်ကြီးမှ မွေးဖွားသော သားတော်ကိုသာ ခန့်အပ်ရမည် ဖြစ်သည်။ ထိုသို့ခန့်အပ်ပြန်ပါက သားတော်ကြီး စည်သူ နှင့် ကျော်စွာတို့က ကျေနပ်ကြမည်မဟုတ်ပေ။


ပုခန်းကြီးမြို့ရိုးနှင့် ကျုံးအစ
သိန်းခွန်မင်းကြီးသည် မှူးကြီး၊ မတ်ကြီးစစ်သူကြီး များကို ညီလာခံခေါ်ယူသည်။ တောင်ညိုလယ်မအရပ် တွင် သူပုန်များထကြွနေကြောင်း၊ စည်သူနှင့် ကျော်စွာကိုယ်တိုင်သွားရောက်နှိမ်နင်းရမည်ဟု အမိန့်ချမှတ် သည်။ စည်သူနှင့် ကျော်စွာသည် တောင်ညိုလယ်မ အရပ်သို့ ရောက်သောအခါ ပြည်ရွာအေးချမ်းနေကြောင်း၊ ဆူပူသောင်းကျန်းသူတစ်ဦးတစ်ယောက်မှမရှိကြောင်း သိရသည်။ ပုဂံနေပြည်တော်သို့ ပြန်လည်စစ်ချီလာကြ သည်။ ပုဂံအနီးသို့ရောက်သောအခါ ပုဂံနေပြည်တော် အခြေအနေကို စုံစမ်းစေရန် အထောက်တော်များ စေလွှတ်သည်။ ဖခင်သိန်းခွန်မင်းကြီးသည် ရွှေလောင်း မယ်တော်ကြီး၏သားတော် ရွှေလောင်းမင်းသားကို အိမ်ရှေ့ရာထူးအပ်နှင်းပြီးဖြစ်ကြောင်း သိရသည်။ စည်သူ နှင့် ကျော်စွာသည် ပုဂံနေပြည်တော်သို့ မပြန်တော့ဘဲ ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး ပုခန်းကြီးဒေသသို့ ရောက် လာသည်။ ဤနေရာတွင် မြို့သစ်တည် နန်းစံရန်ဆုံးဖြတ် သည်။ ပုဏ္ဏားဟူးရားများကို မေးမြန်းရာတွင် ဤနေရာ သည် သာသနာ သက္ကရာဇ် ၃၆ နှစ်က ဓနသီဟမင်း ရုံးစိုက်ခဲ့ရာ မဟာနာဂရမြို့ကြီး ဖြစ်ခဲ့ဖူးကြောင်း တင်လျှောက်ကြသည်။ ဂေါတမဘုရားရှင်လက်ထက်ရှိ ခြင်္သေ့မင်း၊ ကျေးမင်း၊ ဟင်္သာမင်းတို့ နေထိုင်ရာ ပျော်မွေ့ ရာဒေသဖြစ်ကြောင်း သိရသည်။ စည်သူနှင့် ကျော်စွာ သည် ဤဒေသမှာ မြို့သစ်တည်ရန်ဆုံးဖြတ်ကြသည်။ ဧရာဝတီမြစ်ကြီး ဖြတ်ကျော်လာခဲ့ရသဖြင့် ကူးသန်းမြို့ ဟုအမည်ပေးသည်။ မြို့တော်ကို မြို့ရိုး၊ ကျုံးတို့ဖြင့် ကာရံ တည်ဆောက်ရန် စီစဉ်သည်။ ကျုံးရေကို ချင်းတွင်းမြစ်မှ ရေသွယ်၍လည်း ရနိုင်သည်။ ရှင်မတောင်ကြီးမှ စီးကျ လာသောရေကိုသွယ်ယူလျှင်လည်း ရနိုင်သည်။ နောင်တော် စည်သူသည် စစ်သည်၊ လူအင်အားရရှိရန် နယ်လှည့်စည်းရုံး သည်။ ကျုံးကြီးမှ တူးဖော်သော မြေသားများကို မြို့ရိုး အဖြစ် လုပ်ဆောင်မည်။ ညီတော် ကျော်စွာကို ချင်းတွင်းမြစ် ရေကို တူးမြောင်းတူးပြီး ရေသွယ်သောအလုပ်ကို တာဝန် ပေးသည်။ ညီနောင်နှစ်ပါး စိတ်တူကိုယ်တူ လုပ်ကိုင်ကြသည်။


ပုခန်းကိုကြီးကျော်နတ်
စည်သူသည် မြင်းတစ်စီးဖြင့် နေ့မအား ညမနား လှည့်လည်သွားလာပြီး လုပ်သား၊ စစ်သည်များရှာဖွေ စုဆောင်းနေရသည်။ ညီတော်ကျော်စွာသည် ထန်း ရေသောက်၊ ကြက်တိုက်၊ လောင်းကစား၊ အပျော်အပါးဖြင့် အချိန်ကုန်သည်။ မြို့တော်ကို ဂူဖြူဘုရား၊ ဂူနီဘုရား တို့နှင့် သုံးခုကိုတစ်ပြိုင်တည်း တည်ဆောက်သည်။ ကျုံး၊ မြို့ရိုး၊ နန်းတော်၊ ဂူနီစေတီ၊ ဂူဖြူစေတီတည်ဆောက် မှုများ ပြီးစီးသည်။ ချင်းတွင်းမြစ်သည် ရေစကြို၊ ကျခတ် ဝါယာ၊ နွဲ့နီရွာတို့မှ မြင်းခြံသို့ စီးဆင်းသည်။ ကျခတ်၊ ဝါယာ မှကူးသန်းမြို့သို့ သွယ်ယူသော ရေမြောင်းကလည်း ပြီးစီး နေပြီ။ ရေကိုစတင်သွယ်ယူနေရာရွာကို ရေစကြိုဟု သတ်မှတ်ခဲ့ကြကြောင်း အစဉ်အလာအရ အဆိုစကားရှိ သည်။ နေ့ကောင်းရက်မြတ်များရွေးပြီး ရေစတင်လွှတ်ရန် စည်သူက စီစဉ်သည်။ ကျော်စွာသည် တူးမြောင်းထဲ ရေစလွှတ်ရန်ပွဲသို့ မရောက်လာပေ။ နောင်တော်စည်သူက သူမလာလည်း ရေစလွှတ်မည်ဟု ရေလွှတ်ပွဲကျင်းပသည်။ ချင်းတွင်းမြစ်ရေသည် တူးမြောင်းထဲမဆင်းပေ။ စည်သူက ဒေါပွသည်။ ညီတော်ကျော်စွာကို အခုချက်ချင်းလိုက်ပါခဲ့ရန် အခေါ်ခိုင်းသည်၊ ညီတော်ကျော်စွာက ကြက်တိုက်၊ အရက် သောက်တဟားဟားဖြင့် ပျော်ပါးနေသည်။ နောင်တော် စည်သူကိုယ်တိုင်လိုက်လာပြီး ကျော်စွာကြက်တိုက်နေရာ ညောင်ဖြူပင်သို့ ရောက်လာသည် ၊ ကျော်စွာက လိုက်ပါမည် ဟု မြင်းပေါ်အတက်၊ စည်သူက ဓားဖြင့် ခုတ်သတ်လိုက် သည်။ ကျော်စွာသေသည်၊ ပုခန်းကိုကြီး ကျော်နတ်ဖြစ်သည်။ ကျော်စွာ၏မယား ရှင်ဘို့မယ်ကိုလည်း သတ်သည်၊ နတ်ဖြစ် သည်၊ ကျော်စွာနှင့် ရှင်ဘို့မယ်သည် နတ်ဘဝဖြင့် အစ်ကို စည်သူကို သတ်သည်၊ စည်သူလည်း နတ်ဖြစ်သည်။ ဤဇာတ်လမ်းလေးသည် ဒဏ္ဍာရီပုံပြင်ဟု လူတွေယူဆ ခဲ့ကြသည်။ သို့သော် ပုခန်းကိုကြီးကျော်နတ် သမိုင်းမှာတော့ အခိုင်အမာရေးကြသည်။


စာရေးသူသည် ပုခန်းကျုံးကြီးနှင့် မြို့ရိုးသမိုင်းကို ဖတ်ခဲ့ ရေးခဲ့သည်။ သို့သော် ကျုံးအတွင်းနှင့် မြို့ရိုးအခြေတွင် ထူထပ်စွာပေါက်ရောက်နေသော ကန္တာရပင်များကြောင့် မလေ့လာနိုင်ပေ။ ၂ဝ၂ဝ ပြည့်နှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေမှငွေကျပ် ၉၉ သိန်းကိုချပေးပြီး ကန္တာရ ပင်များကို ဆေးထိုးသတ်စေသည်။ ယခုအနောက်ဘက်၊ တောင်ဘက်နှင့် အရှေ့ဘက်ပြီးစီးနေပြီ၊ မူရင်းမြို့ရိုးနှင့် ကျုံးတို့ မူရင်းပုံနီးပါး မြင်တွေ့လာရသည်။ ဇွန်လ နောက်ဆုံးပတ်တွင် ပုခန်းကြီးကျုံးနှင့် မြို့ရိုးကို လေ့လာ မှတ်တမ်းတင်ရန် ဗီဒီယိုသရုပ်ဆောင် နေထူးနိုင်နှင့် အဖွဲ့ ကို စာရေးသူက လိုက်လံပြသခဲ့သည်။ စာရေးသူက ကိုယ်တိုင်ကားမောင်းရင်း ရှင်းလင်းပြသသည်။ ဒရုန်း ဖြင့် ရိုက်ပြီး မှတ်တမ်းတင်သည်။ “ ဒီကျုံးနဲ့ မြို့ရိုးကို အေဒီ ၇၄၄ ခုနှစ်မှာ စည်သူနဲ့ ကျော်စွာတို့က စတင် တည်ထားခဲ့တာပါ။ ပုဂံနန်းမြို့ရိုးနဲ့ ကျုံးထက်နှစ် ၁၀၀ စောပါတယ်။ အနော်ရထာမင်းထက် နှစ် ၃၀၀ စောပါ တယ်။ သူတို့တည်ခဲ့တာကတော့ ကျုံးတွင်းကနေထွက် လာတဲ့ မြေသားကို မြို့ရိုးလုပ်တာဖြစ်လို့ မြေသား မြို့ရိုးပါ။ တကယ်တော့ နတ်ကိုကြီးကျော် ဆိုတာ တကယ်ရှိခဲ့တဲ့ လူသားပါ၊ သူတည်ဆောက်သွားတဲ့ မြေသားမြို့ရိုးနဲ့ကျုံးကို နှစ် ၁၃ဝဝ ကြာ ယနေ့အထိ တွေ့မြင်နိုင်သေးတယ်” ဟု ရှင်းပြခဲ့သည်။


ဒုတိယအကြိမ် မြို့ရိုးတည်ခြင်း
ပုဂံနိုင်ငံတော်ကြီးကို အေဒီ ၁၀၇ ခုနှစ်တွင် သရေ ခေတ္တရာမှ ရောက်လာသော ပျူများက စတင်တည်ထောင် လိုက်ကြသည်။ ရွာပေါင်း ၁၉ ရွာ စည်းဝေးပြီးခေါင်းဆောင် မည့်သူကို သမုဒ္ဓရာဇ်(ရာဇာမင်းဟု သမုတ်လိုက်ကြသည်)ဟု ရှင်ဘုရင်ခန့်လိုက်သည်။ မင်းဆက်ပေါင်း ၅၅ ဆက်၊ နှစ်ပေါင်း ၁၂၆၂ နှစ်သက်တမ်း ကြာမြင့်ခဲ့သည်။ ပုဂံပျက် သောအခါရှမ်းညီနောင်သုံးယောက်တို့သည် ကျောက်ဆည် နယ်ဘက်ကို အခြေပြု၍ တစီးရှင်သီဟသူသည် အေဒီ- ၁၃၁၂ ခုနှစ်တွင် ပင်းယမြို့ကို တည်သည်။ ပင်းယမင်း ဆက်တွင် မင်း ၆ ဆက် အုပ်ချုပ်ပြီး နှစ်ပေါင်း ၅၀ ကျော် ကြာခဲ့သည်။ ပင်းယဆိုသည်မှာ ယခုမန္တလေးလေဆိပ်ကြီး နေရာ ဖြစ်သည်။ တစီးရှင်သီဟသူသည် လက်မည်း အမတ်ကြီးကို ပုခန်းကြီးအမတ်ကြီးခန့်၏၊ စစ်သား ၄ဝဝ နှင့် ပုခန်းကို စေလွှတ်သည်။ လက်မည်းအမတ်ကြီးသည် ယခင်စည်သူနှင့် ကျော်စွာ
တည်ဆောက်ခဲ့သော ပုခန်းမြို့ရိုးနှင့် ကျုံးတို့ကို ထပ်မံ ပြုပြင်တည်ဆောက်သည်။ မြေမျက်နှာပြင်အနေအထား အရ ပုခန်းကြီးမြို့ရိုး၊ ကျုံးတို့သည် ချင်းတွင်း မြစ်ထက် မြင့်နေ၍ ရေမဝင်နိုင်၊ နောက်မင်းများ လက်ထက် တွင် ရှင်မတောင်မှ ကျလာသောမိုးရေကို သက်ရွာ အနောက်ဘက်၊ ကန်စွယ်ကန်မှတစ်ဆင့် ကန်စွယ် မြောင်းအတိုင်း မြို့ရိုးမြောက်ဖျားမှ သွင်းသည်။ ပိုသည့် ကျုံးရေများကို ချင်းတွင်းမြစ်ထဲထုတ်ပစ်သဖြင့် အရှေ့ ဘက်တွင် ရေထုတ်ပေါက် လျော့ရိုးရှိသည်ဆို၏၊ မြို့မြောက်ဘက်မှ ရေဝင်သည်ဟု (ဦးဌေးဝင်းမောင်)က ပြောပြသည်။
အစပထမမှာ မြေသားမြို့ရိုးဖြစ်သည်။ တစီးရှင်သီဟ သူ၏ နန်းသက်မှာလည်း ၁၀ နှစ်ခန့်သာ ကြာခဲ့သဖြင့် ပုခန်းကြီး ကျုံးမြို့ရိုးတို့ကို ခိုင်ခံ့အောင် မလုပ်နိုင်ပေ။ ပင်းယမင်းဆက်ပျက်သောအခါ သတိုးမင်းဖျားသည် အေဒီ ၁၃၆၄ ခုနှစ်တွင် အင်းဝကိုတည်သည်၊ သုံးနှစ်မျှ သာ၊ ရှင်ဘုရင်လုပ်လိုက်ရသည်။ နတ်ရွာစံသည်၊ အေဒီ ၁၃၆၇ ခုနှစ်တွင် မင်းကြီးစွာစော်ကဲနန်းတက်သည်။ မင်းကြီးစွာစော်ကဲသည် သူ၏စောမည်းအမတ်ကို ပုခန်း ကြီးမြို့စား ခန့်အပ်သည်။ ယခင်ရှိပြီး မြေသားကျုံးနှင့် မြေမြို့ရိုးကို ပိုမိုခိုင်ခံ့စေရန် အုတ်မြို့ရိုးအဖြစ် တည် ဆောက်စေသည်။
အေဒီ ၁၄ဝဝ ခန့်က စောမည်းအမတ်တည်ထားခဲ့သော ပုခန်းကြီး အုတ်မြို့ရိုးကြီးသည် ယခု ၂ဝ၂ဝ ဆိုလျှင် နှစ်ပေါင်း ၆ဝဝ ခန့်ကြာပြီဖြစ်သည်။ စောမည်းအမတ် နောက်ခန့်အပ်သော ပုခန်းကြီးမြို့စားမှာ တရဖျား ဖြစ် သည်။ အေဒီ ၁၄၁၈ ခုနှစ်တွင် မိုးညှင်းမင်းတရားကြီးသည် ပုခန်းသို့ စစ်ချီလာသည်။ အင်းဝဘုရင် ကလေးကျေး တောင်ညိုနှင့် မိဖုရား ရှင်ဘို့မယ်တို့သည် မိုးညှင်းမင်း၏ စစ်တပ်ကို ပုခန်းကြီးမြို့စား တရဖျားက ခုခံတိုက်ခိုက်ရန် အမိန့်ပေးသည်။ တရဖျားသည် ကလေးကျေးတောင်ညို၏ မိဖုရားရှင်စောပု (နောင်မွန်ဘုရင်မကြီး)ကို ပုခန်းပို့ပေး မှသာ စစ်တိုက်မည် ဟု ပြောသည်၊ ရှင်ဘုရင်က ရှင်စောပု ကို ပုခန်းသို့ပို့ပေးသည်။ တရဖျားသည် ပုခန်းကြီးမြို့ရိုးနှင့် ကျုံးတို့ကို ပိုမိုခိုင်မာအောင် ထပ်မံပြုပြင်သည်။ မိုးညှင်း မင်းတရားကြီး၏ စစ်တပ်တွင် တိုက်ဆင် ၂၀၀ ၊ မြင်း ၃ဝဝဝ၊ စစ်သည် ၅ဝဝဝဝ နှင့် ဝန်းရံတိုက်ခိုက်ရာ ခုနစ်ရက် ကြာ ဝန်းရံတိုက်ခိုက်ရသည်ဟု ဆိုသည်။ ပုခန်းကြီးမြို့ရိုး ကြီး၏ ကြီးကျယ်ခိုင်ခံ့မှုကို မှန်းဆ၍ရနိုင်သည်။ ယခု မြင်ရသောမြို့ရိုးမှာ အေဒီ ၁၇၃၃- ၁၇၅၁ ခုနှစ်တွင် အင်းဝ တွင် နန်းတက်သော ဟံသာဝတီပါ မင်းကြီးလက်ထက် တွင် နောက်ဆုံးပြုပြင်တည်ဆောက်ခဲ့သော အခြေအနေ ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် ပုခန်းကြီးကို ခရိုင်ဝန်၊ မြို့ဝန်စစ်ကဲနှစ်ဦး၊ သွေးသောက်ကြီးနှစ်ဦး၊ ကွန်းဘိုးထိန်း တစ်ဦး (မြေစာရေး)ဖြင့် အုပ်ချုပ်သည်။


ထင်သာမြင်သာရှိလာသော ပုခန်းကြီးမြို့ရိုး
ပုခန်းကြီးမြို့ရိုးတည်ဆောက်ပုံသည် တခြားဘယ်မြို့ ရိုးနှင့်မျှမတူဘဲ အကွေ့အကောက်၊ အနိမ့်အမြင့် များလှ သည်။ အေဒီ ၁၄၀၀ ခန့်က စောမည်းအမတ်ကြီးသည် အုတ်မြို့ရိုးကို တည်ဆောက်ရာတွင် အရှေ့ဘက်မှာ လင်း မြွေရိုး၊ မြောက်ဘက်မှာ မယ်ယက်ခို၊ အနောက်ဘက်မှာ ခိုနန်းချိုး၊ တောင်ဘက်မှာ လှိုင်းထပုံဖြင့် အဆန်းတကြယ် တည်ဆောက်ခဲ့သည်။ မြန်မာပြည်အခြားမြို့ရိုးများနှင့် ဘယ်မြို့ရိုးနှင့်မှမတူပေ၊ အမြင့်ပေ ၂၀ ရှိသည်။ မြို့ရိုး ကြီးတွင် တံခါးမကြီး လေးပေါက်နှင့် တံခါးငယ် ၂၀ ပေါက် ပါဝင်သည်။ တံခါးကြီးလေးပေါက်တွင် အစောင့်များ ဖြစ်စေရန် လူများကို စတေးခဲ့သည်-
၁။ အရှေ့ဘက် ကြွယ်ဝတံခါးတွင် လက်ပံရွာစား၊
၂။ တောင်ဘက် ကျောက်ပုံတံခါးတွင် ငသောကြာ၊
၃။ အနောက်ဘက်သာစည်တံခါးတွင် မိလှကြီး၊
၄။ မြောက်ဘက်ဝင်း မနာတံခါးတွင် မိလှငယ်တို့ကို စတေးခဲ့သည်။ မိလှကြီးနှင့် မိလှငယ်တို့မှာ မြိုင်မြို့နယ်၊ ကျောက်ဖူးရွာသူများ ဖြစ်သည်ဟုဆို၏။
မည်သို့ပင်ဖြစ်စေ ပုခန်းကြီးမြို့ရိုးနှင့် ကျုံးတို့သည် နှစ်ပေါင်း ၁၃၀၀ ခန့်ကြာခဲ့ပြီဖြစ်သည်။ ပုဂံမြို့ရိုးထက် နှစ် ၁၀၀ စောပြီး၊ အနော်ရထာမင်းထက်နှစ် ၃ဝဝ စော သည်။ မြို့ရိုးနှင့်ကျုံးတို့သည် တခြားမြို့ရိုးတို့နှင့် နှိုင်းယှဉ် လျှင် အပျက်အစီးနည်းသည်။ မူရင်းပုံကို မှန်းဆကြည့် မြင်နိုင်သည်။ ယခုအခါ ကန္တာရပင်များကို ဆေးထိုးသတ် လိုက်သဖြင့် ပိုမိုထင်သာမြင်သာရှိလာပြီး နိုင်ငံခြားသား တို့ စိတ်ဝင်စားစေမည့် ပြကွက်တစ်ခုဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။

 

ါ‌ေ‌ေိ်‌ေ