ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး
၂၀၂၀ ပြည့်နှစ်မှာ သက်တမ်းနှစ် ၁၀၀ ပြည့်တဲ့ ရန်ကုန် တက္ကသိုလ်အကြောင်းရေးမယ်ဆိုရင် တက္ကသိုလ်ရိပ်သာ လမ်းနဲ့ ပြည်လမ်းထောင့်က ကျက်သရေရှိရှိ၊ ခံ့ခံ့ ညားညားတည်ရှိနေတဲ့ တက္ကသိုလ်များဓမ္မာရုံကြီးက မပါမဖြစ်ပါဝင်ရမှာပါ။ ယခင်က ‘မရမ်းတော’ လို့ခေါ်တဲ့ ဒီမြေနေရာကို ဓမ္မာရုံဆောက်ဖို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ဆီက ခွင့်ပြုချက်ရပြီး ၁၉၃၄ ခုနှစ်မှာ စတင်အုတ်မြစ်ချ၊ ၁၉၃၇ ခုနှစ်မှာ ဖွင့်ပွဲကျင်းပနိုင်ခဲ့တဲ့ ဓမ္မာရုံကြီးဖြစ်ပေါ် လာပုံက အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကောလိပ်ကျောင်းအစ
ဗြိတိသျှအစိုးရက ယခု အထက(၁) လသာနဲ့ ဦးနှောက်နှင့် အာရုံကြောဆေးရုံရှိတဲ့ မြေနေရာမှာ ရန်ကုန်မြို့ရဲ့ ပထမဆုံးအစိုးရကျောင်းကို ၁၈၇၄ ခုနှစ် မတ်လ ၂ ရက်နေ့မှာ စဖွင့်ပါတယ်။ ကျောင်းနာမည်က Rangoon Government High School၊ မြန်မာလိုက ရန်ကုန်ဟိုက်စကူးကျောင်းပါ။ စဖွင့်ကတည်းက An ordinary high school with a college department ဆိုတဲ့ ရည်ရွယ်ချက်က အစိုးရမှာ ရှိခဲ့ပါတယ်။ နောင်တစ်ချိန် မှာ ဒီကျောင်းကနေ အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ် ကစစ်တဲ့ FA ခေါ် First Arts Examination ကို ဖြေဆိုနိုင်အောင် သင်ကြားပေးဖို့ ရည်ရွယ်ထားတာပါ။ ကျောင်းစဖွင့်ပြီး ငါးနှစ်အကြာ ၁၈၇၉-၁၈၈၀ ပညာ သင်နှစ်ကစပြီး FA စာမေးပွဲဖြေဆိုဖို့ သင်တန်းစဖွင့်ရာ ကျောင်းသား လေးဦးသာ စတက်ပါတယ်။ ရန်ကုန် ဟိုက်စကူးကျောင်းအုပ်ကပဲအုပ်ချုပ်ပြီး ကျောင်းမှာ College Department ဆိုပြီး တွဲဖွင့်ထားပါတယ်။ ၁၈၈၅ ခုနှစ်ရောက်မှ သီးသန့်ကျောင်းအုပ်စခန့်ပြီး ကျောင်းကို Rangoon College (ရန်ကုန်ကောလိပ်)အမည်နဲ့ စတင် သုံးစွဲပါတယ်။ Government Collegiate School, Rangoon လို့လည်း သုံးစွဲခေါ်ဝေါ်လေ့ရှိပါတယ်။ ဒီကျောင်းရဲ့တံဆိပ်မှာ ဆောင်ပုဒ်အနေနဲ့ ‘‘သီလ၊ သမာဓိ၊ ပညာ’’လို့ သုံးထားပါတယ်။ ဘာသာကွဲဗြိတိသျှအစိုးရ လက်အောက်မှာ ကျောင်းဆောင်ပုဒ်က လောကုတ္တရာအသုံးအနှုန်းဖြစ်နေတာလည်း စိတ်ဝင်စားစရာပါပဲ။
၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်စပေါ်ပြီးချိန် အဆောက်အအုံတွေ ပြီးအောင်မဆောက်ရသေးလို့ ဒီနေရာမှာပဲ တချို့သင်တန်းတွေဆက်ဖွင့်၊ ကျောင်းသား အဆောင်တွေ ဆက်ထားခဲ့ပြီ ၁၉၃၀-၃၁ ပညာသင်နှစ် ကုန်ဆုံးမှပဲ ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲကို သင်တန်း တွေ၊ ကျောင်းသားအဆောင်တွေ အပြီးသတ်ပြောင်းရွှေ့ နိုင်ပါတယ်။
ဗုဒ္ဓဘာသာအသင်းအစ
အကြမ်းအားဖြင့် ရန်ကုန်ကောလိပ်သန္ဓေ စတည်တာ ၁၈၇၉-၈၀ ပြည့်နှစ်လို့ သတ်မှတ်နိုင်ပါတယ်။ စဖွင့်ပြီး ၂၇ နှစ်အကြာ ၁၉၀၆ ခုနှစ်မှာတော့ ဝမ်းမြောက် ဂုဏ်ယူစရာ ရန်ကုန်ကောလိပ် ဗုဒ္ဓဘာသာအသင်းကြီး (Rangoon College Buddhist Association- RCBA) စတင်ဖွဲ့စည်းပြီး အဖွဲ့ရဲ့ဆောင်ပုဒ်က ‘အပ္ပမာဒေန၊ သမ္ပာဒေထ’ပါ။ ဒီဆောင်ပုဒ်ကို ရွေးချယ်ခဲ့တဲ့ RCBA က တာဝန်ရှိပုဂ္ဂိုလ်တွေကို အင်မတန်လေးစားကြည်ညို ရပါတယ်။ RCBA ဆိုတဲ့နာမည်က Young Men’s Buddhist Association- YMBA အသင်းကြီးနဲ့ နာမည်ဆင်သလို စတည်ထောင်တဲ့ နှစ်ကပါတူနေတာ လည်း တိုက်ဆိုင်မှုတစ်ရပ်ပါပဲ။
ဒီ RCBA အဖွဲ့ကြီးကို ဘယ်အမှုဆောင်တွေနဲ့ စဖွဲ့စည်းသလဲဆိုတာ မှတ်တမ်းမတွေ့ရသေးဘဲ အစောဆုံးတွေ့ရှိရတဲ့ စာရင်းကတော့ ၁၉၁၈-၁၉ ပညာသင်နှစ်မှာ ဖွဲ့စည်းထားတဲ့ အမှုဆောင်စာရင်း ဖြစ်ပါတယ်။ အဲဒီစာရင်းအရ ဥက္ကဋ္ဌက ဦးမေအောင်ဖြစ်ပြီး အကျိုးဆောင်အတွင်းရေးမှူးက ကျောင်းသား မောင်ဘစိန်ပါ။
ဦးမေအောင်(၁၈၈၁-၁၉၂၆)
စစ်တွေမြို့မှာ ၁၈၈၁ ခုနှစ်က မွေးဖွားခဲ့တဲ့ ဦးမေအောင်ငယ်စဉ်က ဦးလေး ဦးလှအောင်ရဲ့ပံ့ပိုးမှု ယူကာ ကာလကတ္တားမြို့မှာ ပညာသင်ခဲ့ပြီး ကာလ ကတ္တားတက္ကသိုလ်က စစ်ဆေးတဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ (entrance exam) ကို အထက်မှာရေးသား ဖော်ပြထားတဲ့ ရန်ကုန်ဟိုက်စကူးကျောင်းမှာ တက်ရောက် ပညာသင်ကြားပြီး ဖြေဆိုအောင်မြင်ခဲ့တာပါ။ အင်္ဂလိပ်စာ နဲ့ မြန်မာစာ နှစ်ဘာသာမှာ ပထမနဲ့ အောင်လို့ ‘ရနောင်း ဘုရင်ခံဆု’ ချီးမြှင့်ခြင်းခံရသလို အဲဒီကျောင်းမှာပဲ ဖွင့်ထား တဲ့ ရန်ကုန်ကောလိပ်ကနေ First Arts Exam(FA) မြန်မာလို ဥပစာတန်း စာမေးပွဲကို ပထမနဲ့ အောင်မြင်တာကြောင့် ‘ဂျာဒင်းဆု’ ထပ်ရပြန်ပါတယ်။ ဒီရန်ကုန်ကောလိပ်မှာပဲ BA နောက်ဆုံးနှစ်အထိ တက်ခဲ့ပါတယ်။ ၁၉၁၇ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ချ်တက္ကသိုလ်ကနေ MA ဘွဲ့ရပြီး ဒိုင်အာခီခေတ် ပြည်ထဲရေးဝန်ကြီးတာဝန် ထမ်းဆောင် နေစဉ် ၁၉၂၆ ခုနှစ် အသက် ၄၅ နှစ်မှာ ကွယ်လွန်ပါတယ်။ ထူးထူးခြားခြား ဦးမေအောင်ရဲ့ သားကြီး ကိုသဒိုးအောင်က ၁၉၁၉ ခုနှစ်မှာ၊ သားငယ် ကိုထွန်းလှအောင်က ၁၉၂၀ ပြည့်နှစ်မှာ၊ ဒီရန်ကုန်ကောလိပ်ကနေ ဖခင်နည်းတူ ‘ရနောင်းဘုရင်ခံဆု’ ရခဲ့သလို သမီး မမြစိန်ကလည်း ဖခင်ကြီးလို ၁၉၂၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ ‘ဂျာဒင်းဆု’ ရခဲ့ပြန်ပါတယ်။
ရန်ကုန်ကောလိပ် ဗုဒ္ဓဘာသာအသင်းကြီးကို ၁၉၀၆ ခုနှစ်မှာ အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့တဲ့ RCBA အသင်းကြီးဟာ ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် စတင်ပေါ်ပေါက်လာပြီး ကိုးနှစ် နောက်ကျကာ ၁၉၂၉ ခုနှစ်ရောက်မှ ရန်ကုန် တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီး (RUBA) လို့ နာမည် ပြောင်းဖြစ်ပါတော့တယ်။ ဦးမေအောင်နောက်ပိုင်း ဥက္ကဋ္ဌ တာဝန်ကို မြူနီစီပါယ်မင်းကြီး ဦးဆက်၊ ယစ်မျိုးမင်းကြီး ဦးရွှေဇံအောင်၊ ဝတ်လုံတော်ရ ဦးသိမ်းမောင်၊ တရားရေး ဝန်ကြီး ဆာမြဘူး၊ တရားရေးဝန်ကြီးချုပ် ဦးချန်ထွန်းစတဲ့ ထင်ရှားလူသိများတဲ့ ပုဂ္ဂိုလ်ကြီးတွေက တချို့လည်း ပညာသင်နှစ် တစ်နှစ်သာဆောင်ရွက်ပြီး တချို့လည်း ပညာသင်နှစ်များစွာဆောင်ရွက်ကြရာမှာ ဦးသိမ်းမောင်၊ ဦးချန်ထွန်းစတဲ့ ပုဂ္ဂိုလ်ကြီးတွေက ပညာသင်နှစ် ၁၀ နှစ်ကျော်ဆက်တိုက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၆၃ ခုနှစ်မှာ တော်လှန်ရေးကောင်စီ အစိုးရတက်လာပြီး ဆေးတက္ကသိုလ် (၁) နဲ့ (၂) ကစပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေ အသီးသီးပေါ်လာတာကြောင့် အသင်းကြီး နာမည်ကိုလည်း ၁၉၆၄ ခုနှစ်ကစပြီး တက္ကသိုလ်များ ဗုဒ္ဓဘာသာအသင်းလို့ ပြောင်းလိုက်ပါတယ်။
တက္ကသိုလ်ဓမ္မာရုံကြီးအစ
၁၉၃၁-၁၉၃၂ ပညာသင်နှစ်မှာ တက္ကသိုလ်ဗုဒ္ဓဘာသာ အသင်းဥက္ကဋ္ဌက ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနက ကထိကဆရာကြီး ဦးဘဖြစ်ပြီး ‘ပဲခူးဆောင်’ရဲ့ အဆောင်မှူး လည်း ဖြစ်ပါတယ်။ ဆရာကြီးဦးဘက ဥက္ကဋ္ဌအဖြစ် စတင် ဆောင်ရွက်စဉ်မှာပဲ တက္ကသိုလ်နယ်မြေထဲမှာ ဓမ္မာရုံတစ်ခု ပေါ်ပေါက်ဖို့ စတင်ကြိုးပမ်းပါတယ်။ ၁၉၃၁ ခုနှစ် အောက်တိုဘာလ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ အိမ်ပြန်ကြတဲ့ ကျောင်းသား ကျောင်းသူတွေက မိဘတွေနဲ့ ရပ်မိရပ်ဖဆွေမျိုးတွေဆီက ဓမ္မာရုံကြီးအတွက် အလှူငွေတွေ ကောက်ခံစုဆောင်းကြရာမှာ ငွေကျပ် ၅၀၀၀ (ထိုစဉ်က ရွှေတစ်ကျပ်သား ၁၆ ကျပ်ဈေးရှိ) လောက် ရရှိခဲ့ပါတယ်။ သီတင်းကျွတ်အားလပ်ရက်ပြီးလို့ ကျောင်းပြန်တက်ပြီး မကြာခင် ၁၉၃၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက် နှစ်ရက်တာ ဂျူဗလီဟော (Jubille Hall) မှာ ကပွဲကျင်းပပြီး အလှူငွေရှာကြပါတယ်။ ဒီကပွဲကြီးကို ဒီလိုကြော်ငြာ ပါတယ်။ (‘ဗုဒ္ဓမြတ်စွာသာသနာရောင်ဝါနေသို့ ထွန်းစေ သော်’ ယူနီဗာစီတီတက္ကသိုလ်ထဲ ဓမ္မာရုံဆောက်လုပ်ရေးရန်ပုံငွေအတွက် အလှူပွဲကြီး၊ ပြည်ထဲရေးဝန်ကြီးချုပ် ဆာဂျေ-အေ ဦးမောင်ကြီး အမှူးပြု၍ (၁) ယုဒသန် ကျောင်းသား ကျောင်းသူများ၊ (၂) ဆရာဖြစ်သင် ကျောင်းသား ကျောင်းသူများ၊ (၃) တက္ကသိုလ်ကျောင်းသား ကျောင်းသူများက သာသနာတော်ကြီး စည်ပင်ပြန့်ပွားရေး အတွက် သပ်ရပ်ခမ်းနားစွာ အသုံးတော်ခံမည်) လို့ ရေးသား ထားပါတယ်။
ဒီကပွဲမှာ ရန်ကုန်တက္ကသိုလ်နဲ့ ကောလိပ်နှစ်ခုက ကျောင်းသား ကျောင်းသူတွေက ‘ကုသဇာတ်’၊ ‘ဂင်္ဂါမာလ ခေါ် ရေသည်ပြဇာတ်’ အပါအဝင် အစီအစဉ် ၁၁ ခုဖြင့် တင်ဆက်ကပြရာ ပရိသတ်က အထူးနှစ်ခြိုက်ကြပြီး အလှူ ငွေကျပ် ၃၀၀၀ ရရှိခဲ့ပါတယ်။ ဆရာကြီးဦးဘရဲ့ ဥက္ကဋ္ဌ ဒုတိယသက်တမ်းမှာတော့ ဥက္ကဋ္ဌဟောင်းများဖြစ်ကြတဲ့ မြူနီစီပါယ်မင်းကြီး ဦးဆက်နဲ့ ဝတ်လုံတော်ရ ဦးသိမ်းမောင်တို့ရဲ့ အထူးပံ့ပိုးကူညီမှုကြောင့် လက်ရှိ ဓမ္မာရုံကြီး တည်ဆောက်တဲ့မြေနေရာမှာ ဓမ္မာရုံကြီး တည်ဆောက်ဖို့ သက်ဆိုင်ရာက ခွင့်ပြုလိုက်ပါတယ်။
အုတ်မြစ်ချပွဲ
ဓမ္မာရုံကြီးရဲ့ ပန္နက်တင်အုတ်မြစ်ချအခမ်းအနားကို ၁၂၉၅ ခု တပေါင်းလဆန်း ၁၃ ရက် (၂၅-၂-၁၉၃၄) တနင်္ဂနွေနေ့ ညနေ ၄ နာရီမှာ ကျင်းပရာမှာတော့ အလယ်တောရ ဆရာတော်ကြီးအမှူးပြုတဲ့ သံဃာတော် ကိုးပါးကြွရောက်ပြီး ဆရာတော်ကြီးက နိဒါန်းဩဝါဒ စကားမိန့်ကြားပါတယ်။ ဓမ္မာရုံကြီးတည်ဆောက်ရခြင်း နဲ့ပတ်သက်လို့ အဂ္ဂမဟာပဏ္ဍိတဆရာကြီး ဦးလင်း ကလည်း အသေးစိတ် တင်ပြအစီရင်ခံရပါတယ်။ အဲဒီ နောက် မင်္ဂလာအချိန်မှာ အုတ်မြစ်ချပုံကို အောက်ပါ အတိုင်း ကမ္ပည်းကျောက်စာ ထွင်းထားပါတယ်။
ဓမ္မာရုံအုတ်မြစ်ချကျောက်စာ
‘မြတ်စွာဘုရားသာသနာတော် ၂၄၇၇ နှစ် ရောက်သောအခါ ကောဇာသက္ကရာဇ် ၁၂၉၅ ခု တပေါင်း လဆန်း ၁၃ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီခွဲအချိန်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်အတွင်းရှိ ဤဓမ္မာ ရုံကြီးကို ရန်ကုန်မြို့အလယ်တောရဆရာတော် အဂ္ဂ မဟာပဏ္ဍိတဘွဲ့ခံ ကောသလ္လာဘိဓဇအရှင်မြတ် အုတ်မြစ်ချတော်မူခဲ့သည်’လို့ ရေးသားထားပါတယ်။
ဓမ္မာရုံကြီး စတင်တည်ဆောက်ချိန်မှာ တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီးမှာ မီးရထားငွေစာရင်းဝန် ဦးဘစိန်က ဥက္ကဋ္ဌ၊ မြန်မာစာဌာနက ဆရာကြီးဦးပွနဲ့ အဂ္ဂမဟာပဏ္ဍိတဆရာကြီး ဦးလင်းတို့က ဒု-ဥက္ကဋ္ဌ၊ ငွေထိန်းအဖြစ် သင်္ချာဌာနကထိက ဦးဘိုးသုံ(M.Sc) (နောင်ပညာမင်းကြီး)၊ အရှေ့တိုင်းပညာရပ်များဌာနမှ ကျောက်စာဖတ်ပညာရှင် ဒေါ်မြသန်း(MA) တို့က ဆောင်ရွက်ပါတယ်။ နာယကအဖွဲ့ဝင်များကတော့ ဥက္ကဋ္ဌဟောင်း မင်းကြီးဦးဆက်၊ ဆာဦးသွင်၊ ဝတ်လုံတော်ရ ဦးမောင်ကြီး(MA) (နောင်ပထမဆုံးဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး)၊ ဥက္ကဋ္ဌဟောင်း ဝတ်လုံတော်ရ ဦးသိမ်းမောင် (နိုင်ငံရေးလောကတွင် ဖိနပ်သိမ်းမောင်ဟု ထင်ရှားသူ)၊ ဆရာကြီးဦးဘ KSM၊ ATM၊ MA (နောင်ပြည်ထဲရေးဝန်ကြီး)၊ ကိုးထပ်ကြီးဘုရား ဒါယကာ ဦးကျော် ရန်ကုန်တက္ကသိုလ်ဘဏ္ဍာတော်ထိန်း(Barsar)၊ ဦးနေဒွန်း(ATM)တို့ ဖြစ်ပါတယ်။ အတွင်းရေးမှူးတွေ ကတော့ ကျောင်းသား မောင်သန့်တင်(နောင်စာရေး ဆရာရွှေပြည်စိုး)နဲ့ မောင်ဝန်(နောင်ဆရာကြီး မင်းသုဝဏ်)တို့ ဖြစ်ပါတယ်။
တက္ကသိုလ်ဓမ္မာရုံကြီး
အောင်မြင်စွာ အုတ်မြစ်ချပြီးတဲ့နောက် သုံးနှစ်နဲ့ ကိုးလအကြာ ၁၂၉၉ ခုနှစ် တန်ဆောင်မုန်းလပြည့် (၁၇-၁၁-၁၉၃၇) ဗုဒ္ဓဟူးနေ့မှာတော့ ဓမ္မာရုံဖွင့်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဓမ္မာရုံကြီး တည်ဆောက်ရာမှာ စုစုပေါင်း ကုန်ကျငွေကျပ် ၅၇၂၅၀ ဖြစ်ပါတယ်။ မှတ်တမ်းအချို့အရ အလှူခံရငွေက လေးသောင်းကျော်သာရှိတာမို့ ဓမ္မာရုံဖွင့်ပွဲကျင်းပပြီးတဲ့နောက် ဆက်လက်အလှူငွေ ရှာဖွေခဲ့ရတယ်လို့ သိရ ပါတယ်။ ဒီလိုငွေအတွက် တက္ကသိုလ်သမဂ္ဂ အဆောက် အအုံ အလှူရှင်သူဌေးကြီး ဒေါက်တာဦးညိုက သမဂ္ဂ တည်ဆောက်စဉ်ပိုနေတဲ့ ငွေ ၁၁၂၃ ကျပ်၊ ၁၂ ပဲ၊ ၆ ပိုင်ကို ဖြည့်စွက်လှူဒါန်းပါတယ်။ တစ်ခါ ၁၉၄၁-၁၉၄၂ ပညာသင်နှစ်မှာတော့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေက ဒီလိုငွေဖြည့်ဖို့ အရင်ကလိုပဲ ရန်ပုံငွေ ရှာမယ်လို့ စိတ်ကူးရပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်မှာ အရင်ကလိုပဲ ဂျူဗလီဟောမှာ ‘ကြွေးဆပ်ကပွဲကြီး’ ကဖို့ ဆုံးဖြတ်ကြပြီး အားခဲလို့ ဇာတ်တိုက်ကြပေမယ့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှာ ဂျပန်က ရန်ကုန်တစ်မြို့လုံး ဗုံးကြဲတာကြောင့် ဒီအစီအစဉ်လည်း ပျက်သွားပါတော့တယ်။ ၁၉၆၄ ခုနှစ် မှာ စနစ်သစ်ပညာရေးစပေါ်လာပြီး ရန်ကုန်တက္ကသိုလ်ကို ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ရန်ကုန်လို့ပြောင်းခေါ်ကာ တက္ကသိုလ်ဓမ္မာရုံကြီးကိုလည်း ‘တက္ကသိုလ်များဓမ္မာရုံ’လို့ ပြောင်းခေါ်ပါတယ်။ တက္ကသိုလ်ဓမ္မာရုံကြီးကို ၁၂၉၉ ခုနှစ် တန်ဆောင်မုန်းလပြည့်မှာ ဖွင့်ပွဲမကျင်းပမီ နှစ်လတိတိစောပြီး ၁၂၉၉ ခုနှစ် တော်သလင်းလပြည့်နေ့ မှာ ဓမ္မာရုံကြီးမှာ ပထမဆုံးတရားပွဲ ကျင်းပခဲ့ပါတယ်။ ဟောကြားတဲ့ ပုဂ္ဂိုလ်က သံဃာတော်မဟုတ်ဘဲ လူပုဂ္ဂိုလ် ဖြစ်နေတာလည်း ထူးခြားမှုပါပဲ။ ဟောကြားသူက ဆရာကြီးဦးလင်းပါ။ တရားတော်ခေါင်းစဉ်ကို ‘ပဋိစ္စသမုပ္ပာဒ်တရား’ လို့ အမည်ပေးထားပါတယ်။ နောက်ပိုင်းလည်း ဆရာတော်ကြီးများဖြစ်တဲ့ ကျောက်ဆည်ဝေဘူတောရ၊ ခင်ဦးအင်ကြင်းမြိုင်ကျောင်း နဲ့ ရွှေဘိုအောင်မြေရိပ်သာ သုံးကျောင်းကလွဲရင် တခြားကို ကြွလေ့မရှိတဲ့ ရဟန္တာကြီးလို့ကျော်ကြားတဲ့ ဝေဘူ ဆရာတော်ဘုရားကြီးဟာ International Meditation Centre - IMC က ဆရာကြီးဦးဘခင်ရဲ့ တောင်းပန် လျှောက်ထားချက်ကြောင့် ၁၉၅၃ ခုနှစ် ဇူလိုင်လမှာ ပထမဆုံးအကြိမ် ရန်ကုန်ကို ခုနစ်ရက်တာ ကြွလာစဉ် တက္ကသိုလ်ဓမ္မာရုံကြီးမှာ တရားချီးမြှင့်သွားခဲ့ပါတယ်။ တခြား ပရိယတ်နဲ့ ပဋိပတ် နယ်ပယ်က ဆရာတော်ကြီး များလည်း တရားချီးမြှင့်ခဲ့သလို ဆရာကြီးဦးကျော်လွင် (ကွယ်လွန်)နဲ့ ဆရာကြီး ဒေါက်တာမင်းတင်မွန်တို့က ဒီဓမ္မာရုံကြီးမှာပဲ လူငယ်တွေနားလည်လွယ်တဲ့နည်းနဲ့ အဘိဓမ္မာ သင်တန်းတွေ ပို့ချပေးခဲ့ပါတယ်။ ဒီဓမ္မာရုံကြီးမှာ ပထမဆုံး တရားဟောခွင့်ရတဲ့ ဆရာကြီးဦးလင်းရဲ့ ဘဝဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်း ပါတယ်။
ဆရာကြီးဦးလင်း (၁၈၇၅-၁၉၅၄)
ရွှေဘိုမင်းအဆက်အနွယ်ဖြစ်တဲ့ ဆရာကြီး ဦးလင်း ကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် မှာ မန္တလေးမှာမွေးဖွားပြီး မန္တလေးမြို့သာသနာပိုင် မိုးတားဆရာတော်ထံ စာပေ သင်ကြားရာ ထူးချွန်လှသဖြင့် ၁၈ နှစ်သားအရွယ် ကိုရင်ဘဝကပင် ဆရာတော်ကြီးရဲ့ လက်ထောက်စာချ အဖြစ် ဦးပဉ္ဇင်းများကို စာချပေးရပါတယ်။ ၁၂၅၈ ခုနှစ်မှာ ရဟန်းပြုပြီး မန္တလေးမြို့ပရိယတ္တိ သာသနာဟိတ အသင်းကြီးက ကြီးမှူးကျင်းပတဲ့ စာမေးပွဲအတွက် မေးခွန်းများ ထုတ်ပေးရပါတယ်။ ရဟန်းရှစ်ဝါအရမှာ လူဝတ်လဲပြီး ဟံသာဝတီပိဋကတ်တိုက်၊ ထို့နောက် ကဝိမျက်မှန်ပုံနှိပ်တိုက်တို့မှာ ပါဠိဆရာကြီးအဖြစ် ဆောင်ရွက်ပါတယ်။
၁၂၈၆ ခုနှစ်(၁၉၂၄ ခုနှစ်) အသက် ၄၉ နှစ်မှာ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနမှာ နည်းပြဆရာအဖြစ် စတင် အမှုထမ်းပြီး ကျောင်းသားများသာမက မြန်မာစာဌာနမှ ဆရာ ဆရာမ များကိုပါ ပျို့၊ ကဗျာ၊ မော်ကွန်းစတာတွေ သင်ကြားပေးပါ တယ်။ ဒုတိယကမ္ဘာစစ်အပြီး ရန်ကုန် တက္ကသိုလ် ပြန်ဖွင့်ရာမှာတော့ ဆရာကြီးကို လက်ထောက် ကထိကရာထူး တိုးမြှင့်ပေးပါတယ်။ တက္ကသိုလ်ဆရာ လုပ်သက် ၂၆ နှစ်ကြာ ပြီးတဲ့နောက် အသက် ၇၅ နှစ်အရွယ် ၁၃၁၂ ခုနှစ် (၁၉၅၀ပြည့်နှစ်)မှာ ဗုဒ္ဓသာသနာပြုအဖွဲ့ ပိဋကဘာသာပြန် ဌာနကို ပြောင်းရွှေ့ အမှုထမ်းပါတယ်။ ရန်ကုန်တက္ကသိုလ် ကနေ ၂၂-၅-၁၉၅၁ မှာ မဟာဝိဇ္ဇာဘွဲ့၊ ၂-၁၂-၁၉၅၃ ရက်မှာ စာပေပါရဂူ(ဒီလစ်) ဘွဲ့ ထပ်မံ
ချီးမြှင့် ခြင်းခံရပါတယ်။ အသက် ၇၉ နှစ်အရွယ် ၆-၁၂-၁၉၅၄ ရက်(တနင်္လာနေ့)မှာ ဆရာကြီးကွယ်လွန်ပါ
တယ်။
ဆရာကြီးဦးလင်းလိုပဲ ဒီတက္ကသိုလ်ဓမ္မာရုံကြီးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ထူးခြားပုဂ္ဂိုလ်တစ်ဦး ရှိပါသေး တယ်။ ဒီဓမ္မာရုံကြီးမှာ ပထမဆုံးကျောင်းအဖြစ် သီတင်းသုံး သွားတဲ့ ကမ္ဘာ့သာသနာပြုဆရာတော်ကြီး ဦးသေဌိလပါ။
ဆရာတော် ဦးသေဌိလ (၁၈၉၆-၁၉၉၇)
ဆရာတော်ကြီး ဦးသေဌိလကို မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်မှာ ၁၈၉၆ ခုနှစ်မှာ ဖွားမြင်ပြီး အသက် ၁၃ နှစ်ကစလို့ သာမဏေအဖြစ်နဲ့ သာသနာ့ဘောင် ဝင်ရောက်ခဲ့ပြီး ကိုရင်ဘဝနဲ့ ပထမငယ်နဲ့ ပထမလတ်တန်း အောင်မြင်ပါတယ်။ ၁၉၁၅ ခုနှစ်မှာ ရဟန်းပြုပြီး ရဟန်း ဖြစ်စမှာပဲ ပထမကြီးတန်း အောင်ပါတယ်။ ရဟန်း နှစ်ဝါအရမှာ ပထမကျော်တန်းကို ပထမစွဲအောင်မြင်ပြီး ရဟန်းသုံးဝါအရမှာ သကျသီဟဓမ္မာစရိယအောင်မြင်တော် မူပါတယ်။ ယခုအခေါ် မင်္ဂလာတောင်ညွန့်မြို့နယ် (ယခင်အခေါ် တောင်လုံးပြန်မြို့နယ်)က သုသာန်ဇရပ်မှာ ၁၉၁၅ ခုနှစ်ကစတင်တည်ထောင်တဲ့ ဆရာရင်း အရှင်အာဒိစ္စ ဝံသရဲ့ကျောင်းမှာ စာချဆရာတော်အဖြစ် ၁၉၁၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၂၅ ခုနှစ်မှာ အိန္ဒိယ၊ ၁၉၃၀ ပြည့်နှစ်မှာ သီဟိုဠ် (ယခုသီရိလင်္ကာ) နိုင်ငံတွေမှာ အင်္ဂလိပ်စာနဲ့ သက္ကတဘာသာရပ်တွေ လေ့လာဆည်းပူး ပါတယ်။
၁၉၃၉ ခုနှစ်မှာ မိမိအစီအစဉ်နဲ့ အင်္ဂလန်နိုင်ငံကို ကြွပြီး ဒုတိယကမ္ဘာစစ်ကာလကြီးကို ခက်ခက်ခဲခဲ ကျော်ဖြတ်လို့ ၁၉၅၂ ခုနှစ်အထိ ဗုဒ္ဓတရားတော်များ အထူးသဖြင့် အဘိဓမ္မာတရားတော်ကို အင်္ဂလိပ်ဘာသာ နဲ့ပို့ချပြီး ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဝန်ကြီးချုပ် ဦးနု အစိုးရရဲ့ ပင့်ဖိတ်လျှောက်ထား မှုကြောင့် ၁၉၅၂ ခုနှစ်မှာ မြန်မာပြည်ပြန်ကြွလာပြီး ၁၉၆၀ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ် ဒဿနိက ဗေဒ (Philosophy)ဌာနရဲ့ ကထိကအဖြစ်ဆောင်ရွက်ပြီး B.A ပထမနှစ်နဲ့ နောက်ဆုံးနှစ်၊ M.A ပထမနှစ်နဲ့ နောက်ဆုံးနှစ် လေးတန်းကို အင်္ဂလိပ်ဘာသာနဲ့ အဘိဓမ္မာတရား သင်ကြားပါတယ်။ ဆရာတော် မြန်မာပြည်ရောက်စမှာ နိုင်ငံတော်အစိုးရက ဆရာတော် သီတင်းသုံးဖို့ ကျောင်းနေရာ မစီစဉ်ရသေးတာကြောင့် ဒီဓမ္မာရုံကြီးကိုပဲ ကျောင်းအဖြစ် သီတင်းသုံးသွားတာ ကလည်း ထူးခြားမှုတစ်ရပ်ပါပဲ။ အဲဒီလို သီတင်းသုံးရင်း ရန်ကုန်တက္ကသိုလ်ဌာန အသီးသီးက ဆရာ ဆရာမတွေ ကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ အဘိဓမ္မာတရား ဟောပြောပို့ချပါတယ်။
ဆရာတော်ဘုရားကြီးဟာ ဝါတော် ၈၁ ဝါ သက်တော် ၁၀၁ နှစ်အရောက် (၃-၁-၁၉၉၇) သောကြာ နေ့မှာ ခန္ဓာဝန်ချတော်မူပါတယ်။
ရာပြည့်ဆီသို့
တက္ကသိုလ်ဓမ္မာရုံကြီး စတင်အုတ်မြစ်ချတဲ့ ၁၉၃၄ ခုနှစ်က စတွက်ရင် နှစ် (၅၀) ပြည့်တဲ့ ၁၉၈၄ ခုနှစ် မတ်လ ၁၄ ရက်မှ ၁၈ ရက်အထိ အဲဒီအချိန်က တက္ကသိုလ်များ ဗုဒ္ဓဘာသာအသင်းကြီးရဲ့ ဥက္ကဋ္ဌဆရာကြီး ဦးကျော်မြသိန်း (ကွယ်လွန်) ဦးဆောင်တဲ့ အမှုဆောင်အဖွဲ့ကြီးက တက္ကသိုလ်ဓမ္မာရုံ နှစ် (၅၀)ပြည့် ရွှေရတုပွဲကြီးကို အောင်မြင်စွာကျင်းပခဲ့ကြပါတယ်။ ကျင်းပပြီးတဲ့နောက် ၁၉၈၅ ခုနှစ်မှာ တက္ကသိုလ်ဓမ္မာရုံကြီးရဲ့ နှစ် (၅၀) ပြည့် ရွှေရတုမဂ္ဂဇင်းကို ခံ့ခံ့ညားညား ထုတ်ဝေနိုင်ခဲ့ပါတယ်။ အခုဖော်ပြထားတဲ့ ဓမ္မာရုံကြီးရဲ့ ပုံတော်က အဲဒီမဂ္ဂဇင်းရဲ့ အတွင်းမျက်နှာဖုံးဖြစ်ပါတယ်။ မဂ္ဂဇင်းရဲ့ပုံနှိပ်မှတ်တမ်း မှာ လက်ရာမြောက်လှတဲ့ အဲဒီပန်းချီပညာရှင်ရဲ့ အမည် ဖော်ပြမထားလို့ ဒီဆောင်းပါးမှာ ပန်းချီပညာရှင်ရဲ့ အမည်ကိုချန်လှပ်ထားခဲ့ရပါတယ်။ နောင် ၁၄ နှစ် အကြာ ၂၀၃၄ ခုနှစ် ရောက်ရင်လည်း အဲဒီအချိန်မှာ တက္ကသိုလ်များဗုဒ္ဓဘာသာ အသင်းကြီးရဲ့ အမှုဆောင် အဖြစ် ဆောင်ရွက်နေသူများက ဒီတက္ကသိုလ်များ ဓမ္မာရုံ ကြီးရဲ့ ရာပြည့်ပွဲကြီးကို အောင်မြင်စွာကျင်းပကြမှာ မလွဲဧကန် ဖြစ်ပါတယ်။ ။


