ဒေါက်တာခင်စန်းမော်
အဖုံးပါသော ဆွဲခြင်းနှစ်ခုကို ကိုင်ဆွဲကာ အငှားယာဉ်ပေါ် မှ ဆင်းလာသော အမျိုးသမီးနှစ်ဦးကို တွေ့လိုက်ရသည် နှင့်တစ်ပြိုင်နက် ဆေးခန်းအကူတပည့်မလေးက ပါးစပ် နှင့် နှာခေါင်းစည်းနှစ်ခုကို လှမ်းပေးပြီး ဝတ်ဆင် ခိုင်းလိုက်ပါသည်။ လက်ဆေးဆပ်ပြာရည်ကို ညွှန်ပြပြီး လက်ဆေးရန်လည်း မေတ္တာရပ်ခံနေသည်။
“ဆရာမရယ်၊ ကျွန်မတို့ ဆရာမဆီမှာပဲ ခွေးတွေ၊ ကြောင်တွေ လာပြနေတာပါ။ ကျွန်မတို့ကို အခုလို မယုံ တာကိုတော့ အံ့ဩမိပါတယ်” သူ့အသံက ဝမ်းနည်းရိပ် သန်းနေသဖြင့် ကျွန်မက သူ့ကို ဖြေသိမ့်စကားပြောရ ပါသည်။
“ဆရာမက မယုံကြည်လို့ နှာခေါင်းစည်းဝတ်ခိုင်းတာ မဟုတ်ပါဘူး။ အခုလို ကိုဗစ်ကာလမှာ ကိုယ့်အတွက်ရော တခြားလူတွေအတွက်ပါ ဘေးအန္တရာယ်ကင်းအောင် ကာကွယ်ထားတာ အကောင်းဆုံးမို့ပါ။ ဆေးခန်းကို တခြားလူတွေလည်း လာကြတယ်လေ။ ဆရာမတို့က အတတ်နိုင်ဆုံး သန့်ရှင်းရေးလုပ်ပြီး ကာကွယ်ပေးထား သလို ပိုင်ရှင်တွေဘက်ကလည်း၏ ကာကွယ်ဖို့ နည်း လမ်းတွေ လိုက်နာကြတာဟာ မှန်ကန်တဲ့ လုပ်ရပ်ပါပဲ”
၂၀၂၀ မတ်လလယ်လောက်ကစပြီး ဆေးခန်း ပိတ်ကာ Stay Home နေခဲ့ရာမှ ဇွန်လလယ်ခန့်မှစ၍ ဆေးခန်းကို အချိန်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ပြန်လည်ဖွင့်ခါစက ဖုန်းနှင့် ကြိုတင်ချိန်းဆိုထားသော သူများသာ လာကြသည်။ လာသမျှလူအားလုံး ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်လာကြသည်။ ရော်ဘာလက်အိတ် များ ဝတ်ဆင်လာကြသည်။ လက်ဆေးရေ၊ လက်သန့် ဆေးရည် သို့မဟုတ် အရက်ပြန် စပရေးဘူးများ ပါလာ ကြသည်။
ဆေးခန်းထဲမဝင်ခင် သူတို့ဘာသာ ဆေးကြော သန့်စင်ပြီးမှ ခွေး၊ ကြောင်တို့ကို ပြသသလို ပြန်လည် ထွက်ခွာသွားလျှင်လည်း လက်သန့်ဆေးရည်စပရေးများ ဖြင့် လက်များကို သန့်စင်ပြီးမှ သွားကြပါသည်။ ဆေးခန်း နံရံ၊ တံခါးနှင့် စားပွဲကဲ့သို့ ပရိဘောဂများကို အတတ် နိုင်ဆုံး မထိမိအောင်ရှောင်ကြဉ်ကြသည်။ ဆေးခန်း ရှေ့မှာ စောင့်ဆိုင်းနေရလျှင်လည်း တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးမှာ ရပ်နေကြသည်။ တိုတိုနှင့် လိုရင်းစကား ဆိုကာ ခပ်သုတ်သုတ် ပြန်သွားကြသူများပါသည်။
သို့သော် ဇူလိုင်လဆန်းလောက်ကစပြီး လျော့ရိ လျော့ရဲ ဖြစ်လာသည်။ နှာခေါင်းစည်းမဝတ်ဘဲ ရောက်လာသူတွေ ရှိလာသည်။ လက်အိတ်များ၊ စပရေး များလည်း ပါမလာကြတော့ပေ။
ကလေးငယ်လေးများကို နှာခေါင်းစည်းမဝတ်ဘဲ ခေါ်လာတတ်ကြသည်။ ထိုအခါ ဆေးခန်းဘက်က လုပ်ဆောင်ရမည့် တာဝန်များကို အားသွန်ခွန်စိုက် တိုးမြှင့်ရတော့သည်။ နှာခေါင်းစည်းမပါသူများအတွက် နှာခေါင်းစည်းအသစ်များ ဘူးလိုက်ချထားပြီး ထုတ်ပေးကာ ဝတ်ဆင်ခိုင်းရသည်။
လက်ဆေးဆပ်ပြာရည်နှင့် စပရေးများ၊ လက်သန့် ဆေးရည်များကို ညွှန်ပြပြီး ဆေးကြောသုတ်သင်ခိုင်း ရသည်။ ရှေ့ကလူနှင့် အိမ်မွေးတိရစ္ဆာန်တို့ ထွက်ခွာသွား လည်း ဆေးခန်းထဲသို့ ချက်ချင်းမဝင်ရပါ။ ဆေးကုစားပွဲ များ၊ နံရံနှင့် ကြမ်းပြင်များ၊ တံခါးများအားလုံးကို ဆပ်ပြာရည်၊ ပိုးသန့်စင်ဆေးရည်တို့ဖြင့် သန့်ရှင်းအောင် လုပ်ဆောင် ပြီးမှ နောက်ထပ် လူနာဝင်လာရသည်ကတော့ ယခင်ကတည်းက ပြုမြဲဝတ္တရား ဖြစ်ပါသည်။ ယခုအချိန် တွင် ပို၍စေ့စပ်၊ ပို၍သေချာအောင် လုပ်ဆောင်ပြီးမှ ဝင်ခွင့် ပြုလိုက်ပါသည်။
ဆေးခန်းလာပြကြသည့် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင် အချို့သာ နှာခေါင်းစည်းမပါတာမဟုတ်ပါ။ လမ်းမကြီး ပေါ်မှာ သွားလာနေကြသော လူများတွင်လည်း နှာခေါင်းစည်း မဝတ်သူတွေ များလာ၏။ ဘတ်စ်ကား များကို မော့ကြည့်သောအခါ လူအချို့ကသာ မျက်နှာစည်း ဝတ်ဆင်ကြပြီး လူအများစုက လွတ်လွတ်လပ်လပ် ငေးမော လျက်လိုက်ပါနေကြသည်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပုံ
ရောဂါလက္ခဏာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ရောဂါပိုးရှိနေသောလူများက ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်း၊ သီချင်းဆိုခြင်းတို့မှ ထွက်လာသော တံတွေးနှင့်အစက်အမှုန်အမွှားတို့ကို နီးကပ်စွာ ထိတွေ့ မိခြင်းမှ ရောဂါပိုးကူးစက်သည်။ ထို့ကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က လူအချင်းချင်း တစ်မီတာ (သုံးပေ)အကွာတွင် နေသင့်ကြောင်း ပြောကြားသည်။ သို့သော် အမေရိကန်ပြည်ထောင်စုရှိ ရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာ (Centers for Disease Control and Prevention - CDC) က လူတစ်ဦးနှင့်တစ်ဦး နှစ်မီတာ (ခြောက်ပေ)အကွာ နေသင့်သည်ဟု ဆိုပါသည်။ ရောဂါ လက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်ထားသူများ၏ အရေအတွက်သည် ၄၀ ရာခိုင်နှုန်းခန့် ဖြစ်မည်ဟု ခန့်မှန်း ကြပါသည်။
ရောဂါလက္ခဏာပြနေသူတို့သည် (ခပ်ပျော့ပျော့ လက္ခဏာ သို့မဟုတ် မတိကျသော လက္ခဏာပြနေသူ ဖြစ်လျှင်တောင်မှ) ရောဂါကူးစက်နိုင်စွမ်း အများဆုံး ဖြစ်ကြသည်။
သို့သော် လက္ခဏာမပြခင် နှစ်ရက်အလိုကပင် ရောဂါပိုးကူးစက်စေနိုင်သည်။ ရောဂါအသင့်အတင့် ဖြစ်ပွား သော လူတို့သည် ခန့်မှန်းခြေအားဖြင့် ၇ -၁၂ ရက် အတွင်း ရောဂါပိုး ဖြန့်ဝေနိုင်ပြီး ရောဂါဆိုးရွားသူတို့သည် နှစ်ပတ် လောက်အထိ ရောဂါပိုးကူးစက်စေနိုင်သည်။
ရောဂါပိုးပါနေသော အစက်အမှုန်အမွှားတို့သည် ကြမ်းပြင်ပေါ်နှင့် မျက်နှာပြင်များပေါ်တွင် တွယ်ကပ် နေတတ်ရာ ထိုနေရာများကို ထိတွေ့ကိုင်တွယ်မိသော လူများက သူတို့၏မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်တို့အား မဆေးကြောထားသည့် လက်များဖြင့် ကိုင်တွယ်မိသော ကြောင့် ရောဂါကူးစက်တတ်ပါသည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သေဆုံးမှုများ ဆက်လက်များပြားလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ပေါ့ဆမှုလုံးဝမရှိဘဲ အောက်ပါ အချက်များကို ဆက်လက်လိုက်နာကျင့်သုံးရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည်။
(က)တတ်နိုင်သမျှ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်၊
(ခ)တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး ခြောက်ပေအကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်၊
(ဂ) အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာ များသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ မပျက်မကွက် ဝတ်ဆင်ကြပါရန်၊
(ဃ) လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာရည် အသုံးပြု၍ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ဆေးကြောကြပါရန်တို့ ဖြစ်ပါသည်။
တိရစ္ဆာန်ဆေးကုဆရာဝန်များအတွက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) မှ လမ်းညွှန်ချက်များ
ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု၌ တိရစ္ဆာန်များ ပါဝင်ပတ်သက်နေကြောင်း အထောက်အထား တစ်စုံတစ်ခုမှမရှိသေးပါ။ ရရှိထားသော အချက်အလက် အနည်းငယ်ပေါ်တွင် အခြေခံပြီး ကောက်ချက်ချရာ၌ ကိုဗစ်-၁၉ ရောဂါသည် တိရစ္ဆာန်မှလူသို့ ပြန်လည် ကူးစက် နိုင်ခြေ အလွန်နည်းသည်ဟု ယူဆကြပါသည်။ ဤဗိုင်းရပ်စ် အကြောင်းကို လေ့လာနေဆဲပင် ဖြစ်သော်လည်း အချို့သော အခြေအနေများတွင် ရောဂါပိုးရှိသောလူများမှ တိရစ္ဆာန် သို့ ကူးစက်နိုင်ကြောင်း တွေ့ရှိရသည်။
ကွဲပြားခြားနားသော တိရစ္ဆာန်အမျိုးမျိုးတို့မှာ ကိုဗစ်-၁၉ က အကျိုးသက်ရောက်မှုရှိ၊ မရှိ အမြဲမပြတ် သတိပြုနေဆဲသာ ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါနှင့် တိရစ္ဆာန်များ၏ လတ်တလော အခြေအနေ
တိရစ္ဆာန်ဆေးကုခန်းများနှင့် ဆေးရုံများတွင် မကျန်းမာသော တိရစ္ဆာန်များကို လာရောက်ပြသသည့် အခါ ရောဂါအခြေအနေအားသေချာစွာ ခန့်မှန်းပြီး လိုအပ် လျှင် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံဝတ်ရန်၊ သတိထားပြီး ကိုင်တွယ်ရန် အကောင်းဆုံး စီမံခန့်ခွဲထား ရမည်။
လူသားတို့မှာ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ဗိုင်းရပ်စ် သည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်းတို့မှ ထွက်လာသော အစက်အမှုန်အမွှားများမှတစ်ဆင့် ကူးစက်တတ်သည်။ ရောဂါလက္ခဏာပြနေသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ၊ ဗိုင်းရပ်က ပျံ့နှံ့နိုင်ပါသည်။
လတ်တလောအချိန်အထိ ရရှိထားသော သတင်း အချက်အလက်များအရ ကိုဗစ်-၁၉ ရောဂါဖြစ်နေသော လူနှင့်နီးကပ်စွာနေသည့် ခွေး၊ ကြောင်တချို့ (အရေအတွက် အနည်းငယ်)မှာ ရောဂါကူးစက်ခြင်းကို တွေ့ရသည်။ သို့သော် ရောဂါပြင်းထန်စွာ မဖြစ်ပွားဘဲ ပြန်လည်ကောင်းမွန်လာသည်ဟု သိရသည်။
ထိုတိရစ္ဆာန်များမှ လူသို့ ပြန်လည်ကူးစက်ခြင်း မရှိသေးပါ။
တိရစ္ဆာန်ဆေးကုခန်းတွင် ဆောင်ရွက်ရမည့် တာဝန်များ
ကိုဗစ်-၁၉ ကပ်ရောဂါသည် လူအချင်းချင်း ကူးစက်နိုင်သောကြောင့် ဖျားနာနေသော ဝန်ထမ်း များအား အိမ်မှာနေခိုင်းရမည်။
ဆေးခန်းရှိ ဝန်ထမ်းများသည် အခန်းတွင်း အခန်းပြင် သန့်ရှင်းရေးနှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို စနစ်တကျဆောင်ရွက်ရမည့်အပြင် တစ်ယောက်နှင့် တစ်ယောက် ခပ်ခွာခွာနေခြင်း၊ ကိုယ်ပိုင်အသုံးအဆောင်၊ စားပွဲ၊ ကုလားထိုင်၊ ပစ္စည်းကိရိယာများ သီးခြားထားရှိ ခြင်း၊ ဖျားနာ၍ နားနေရသူ ဝန်ထမ်း၏ အသုံးအဆောင် များကို ရှောင်ကြဉ်ခြင်း၊ မသုံးမဖြစ် အတူသုံးစွဲရသော ကိရိယာတန်ဆာပလာများကို မကြာမကြာ ပိုးသတ်ဆေး ဖျန်းခြင်းများ ပြုလုပ်ရမည်။
တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ ဆေးဘက်အကူ ဝန်ထမ်းများ၊ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များ၊ ဆေးခန်းသို့ လာသမျှ ဧည့်သည်များအားလုံးတို့သည် မျက်နှာစည်း များ၊ လက်အိတ်များ ဝတ်ဆင်ရမည် ဖြစ်သည်။ လိုအပ် ပါက တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ(PPE) များအား အသုံးပြုရမည်။ အရေးမကြီးသည့် ခွဲစိတ်ကုသ မှုများ၊ အရေးမကြီးသည့်ကျန်းမာရေးကိစ္စများကို ဆိုင်းငံ့ ထားသင့်သည်ဟု ညွှန်ကြားထားပါသည်။
သို့ရာတွင် ဖယ်ရီကားများ၊ ဘတ်စ်ကားများပေါ်၌ ပူးကပ်ထိုင်ပြီး လိုက်ပါလာသော သူတို့သည် နှာခေါင်း စည်း မဝတ်ကြတော့ပေ။ အချို့က နှာခေါင်းစည်းကို မေးစေ့မှာသာ ချိတ်ဆွဲထားကြသည်။
နှာခေါင်းစည်းဝတ်ဆင်ပြီးမှ တွေ့ဆုံ စကားပြောခွင့် ပေးလျှင် မျက်နှာညိုကြသည်။ အချို့က ဤရောဂါသည် နိုင်ငံခြားပြန်တို့မှာသာ ဖြစ်ပွားတတ်သည်ဟု ထင်မှတ် ကြသည်။ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုး သယ်ဆောင် ထားသူကို မျက်မြင်အားဖြင့် လုံးဝမသိနိုင်ပါ။
ယခု ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၈ ရက် သတင်းအရ တစ်ကမ္ဘာ လုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၆ သန်းကျော်ရှိနေပြီး သေဆုံးသူဦးရေ ခြောက်သိန်း ကျော် ရှိနေပါပြီ။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးအတွက် ကာကွယ် ဆေးနှင့် ကုသဆေးများကို စမ်းသပ်နေဆဲသာ ရှိနေပါ သေးသည်။ ထိုအချိန်ကာလတွင် ပြည်သူများ လုံးဝ မပေါ့ဆသင့်ပါ။ နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက် များကို စနစ်တကျလိုက်နာသင့်ပါ၏။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စကားအတိုင်း၊ ဗိုလ်ချုပ်၏သမီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ထပ်ဆင့် သတိပေးချက်အတိုင်း “ပန်းတိုင် မရောက်ခင် တက် မထောင်ပါနှင့်”ဆိုသော စကားကို မမေ့မလျော့ လိုက်နာကျင့်သုံးစေချင်ပါသည်။


