ဟိုင်းကြီးကျွန်း ၂၉ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အနီး သမီးလှကျွန်း၏ အရှေ့ဘက် ထိပ်စွန်း၏ အရှေ့တောင်ဘက် (၂)မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ဇူလိုင် ၂၈ ရက် ညနေ ၄နာရီခန့်က ငါးဖမ်းရေယာဉ်တစ်စီး လှိုင်းလေပြင်း၍ ရေဝင်ကာတိမ်းစောင်း နစ်မြုပ်သွားခဲ့ပြီး ရေလုပ်သားတစ်ဦး ပျောက်ဆုံးနေကြောင်းသိရှိရသည်။
နစ်မြုပ်ငါးဖမ်းရေယာဉ်မှာ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးတင်မိုးပိုင်ဆိုင်သော ဆိုင်းရာအောင်(၆)အမည်ရှိ ငါးဖမ်းရေယာဉ်ဖြစ်ပြီး လှေဦးစီး ဦးမြင့်ဝင်နှင့်အတူ ရေလုပ်သား ၁၈ဦး လိုက်ပါကာ ဟိုင်းကြီးကျွန်းမြို့က ယခုလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာ သွားခဲ့ခြင်းဖြစ်သည်။
လိပ်ကျွန်း(ခ)သမီးလှကျွန်း၏ အရှေ့ဘက် (ထိပ်စွန်း၏)အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ ပင်လယ်ပြင်သို့ အရောက်တွင် လှိုင်းလေပြင်ထန်ကာ ရေယာဉ်အားလှိုင်းများ လွှမ်းခြုံသွားခဲ့ပြီး ရေဝင်ကာ တိမ်းစောင်းနှစ် မြုပ် သွားခဲ့ကြောင်း၊ ရေယာဉ်နစ်မြုပ်သွားပြီးနောက် ဦးထွန်းထွန်းဝင်းဦးစီးသည့် အောင်သီတာထွန်း(A)အမည်ရှိ ငါးဖမ်းရေယာဉ်က ညနေ ၆ နာရီခွဲအချိန်ခန့်တွင် ရေလုပ်သားများကို တွေ့ရှိဆယ်ယူနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ရေယာဉ်ပေါ်ပါ ရေလုပ်သား ၁၈ဦးအနက် ၁၇ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး အသက်(၅၀)နှစ်အရွယ် ဦးတင်ရွှေ(ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်နေထိုင်သူ)မှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ယခုအခါ ရေယာဉ်နစ်မြုပ်မှုတွင် ပါဝင်ခဲ့ပြီး ကယ်ဆယ်ရရှိခဲ့သောရေလုပ်သား ၁၇ ဦးမှာ ဟိုင်းကြီးကျွန်းမြို့သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးရေလုပ်သားတစ်ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


