အောင်လံ ၂၉ ဇူလိုင်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော မဲစာရင်းတွင် မဲဆန္ဒရှင်ပြည်သူများ၏ အမည်ပါရှိမှုနှင့် ကိုယ်ရေးအချက်အလက်များ တိကျမှန်ကန်မှုရှိစေရေးတို့အတွက် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များတွင် ပထမအကြိမ်အဖြစ် မဲစာရင်းများကပ်၍ ကြေညာခြင်းကို ဇူလိုင် ၂၅ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ရာ ချင်းတိုင်းရင်းသား မဲဆန္ဒရှင်ဦးရေ (၁၃၈၇၉)ဦး ပါဝင်လျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မြို့ပေါ်(၉)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၁)အုပ်စုတွင် ချင်းတိုင်းရင်းသား မဲဆန္ဒရှင်များအပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၈၆၁၈၇)ဦးတို့ဖြင့် မဲရုံပေါင်း (၂၄၄)ရုံ၌ ဆန္ဒမဲပေးဆောင်ရွက်သွားမည်ဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသော်လည်း မဲစာရင်းတွင် မပါဝင်သူများ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေမှုများရှိနေပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် သက်မှတ်ပုံစံများရယူ၍ လျှောက်ထားနိုင်ကြောင်း၊ ပြည်သူများ သိရှိနိုင်ရေးအတွက် ပထမအကြိမ်အဖြစ် မဲစာရင်းများကပ်ခြင်း၊ အသံချဲ့စက်များဖြင့် ကြေညာခြင်းလုပ်ငန်း များကို ဩဂုတ် ၇ ရက်အထိ (၁၄)ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


