ရန်ကုန် ၂၉ ဇူလိုင်
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းနှင့် လက်အိတ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ မစ္စတာ ဂျော့ချ်ဆစ်ဘလီက လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက အမှာစကားပြောကြားသည်။
ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ မစ္စတာ ဂျော့ချ်ဆစ်ဘလီက ကိုဗစ်-၁၉ ကာကွယ်ရေး နှာခေါင်းစည်းနှင့် လက်အိတ်များ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ယနေ့ လှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၆၇၅၀ဝ နှင့် ညီမျှသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းနှင့် လက်အိတ်များကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်း- မင်းသစ်(MNA)/ဓာတ်ပုံ- ဇော်မင်းလတ်)


