မန္တလေး ၂၉ ဇူလိုင်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်း ၄၉၂ ခန်းအား စတုတ္ထအကြိမ်အဖြစ် ဩဂုတ်လအတွင်း၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခန်းများအား စတုတ္ထအကြိမ်အဖြစ် ရောင်းချရာတွင် လျှောက်လွှာအသစ်များ ထပ်မံခေါ်ယူခြင်း မပြုတော့ဘဲ ဇွန်လဆန်းက တတိယအကြိမ်အဖြစ် မဲနှိုက်ရောင်းချခဲ့သည့် မြရည်နန္ဒာတိုက်ခန်းများတွင် လျှောက်ထားသူများအနက် ဝယ်ယူခွင့် မဲပေါက်ခြင်းမရှိခဲ့သူများကိုသာ ယခင်ရောင်းချပေးသည့် စနစ်အတိုင်း ပွင့်လင်းမြင်သာစွာ မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
မြရည်နန္ဒာတိုက်ခန်းများအား တတိယအကြိမ်အဖြစ် မဲနှိုက်ရောင်းချခဲ့ရာတွင် မဲပေါက်ခြင်းမရှိခဲ့သည့် နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများနှင့် သာမန်ပြည်သူ လျှောက်ထားသူစုစုပေါင်း ၃၄၉၅ ဦး ကျန်ရှိနေသဖြင့် ၎င်းတို့အတွက် တိုက်ခန်းပေါင်း ၄၉၂ ခန်းကို လျှောက်လွှာအမျိုးအစားအလိုက် ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အထိ မန္တလေးမြို့တော်ခန်းမတွင် ပွင့်လင်းမြင်သာစွာ မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့် ရရှိသူများအနေဖြင့် မိမိရရှိမည့် တိုက်ခန်းအထပ် နေရာအတွက် အာမခံငွေကျပ် သိန်း ၃၀ ကြိုတင်ပေးသွင်း၍ ကိုယ်တိုင်မဲနှိုက်ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ မြရည်နန္ဒာ တန်ဖိုးမျှတတိုက်ခန်းများအား ပြီးခဲ့သည့် ဇွန်လအတွင်းက တတိယအကြိမ်အဖြစ် တိုက်ခန်း ၅၈၆ ခန်းအား ရောင်းချခဲ့ပြီး ဈေးနှုန်းများအနေဖြင့် ၆၆၁ စတုရန်းပေ အကျယ်အဝန်းရှိ မြေညီထပ်တစ်ခန်းလျှင် ငွေကျပ် ၂၈၈ သိန်း လေးသောင်း၊ ပထမထပ် တစ်ခန်းလျှင် ငွေကျပ် ၂၅၇ သိန်း ငါးသောင်း၊ ဒုတိယထပ် တစ်ခန်းလျှင် ငွေကျပ် ၂၃၁ သိန်း ခုနစ်သောင်းငါးထောင်၊ တတိယထပ်တစ်ခန်းလျှင် ငွေကျပ် ၂၁၁ သိန်း တစ်သောင်းငါးထောင်၊ စတုတ္ထထပ် တစ်ခန်းလျှင် ငွေကျပ် ၁၉၅ သိန်း ခုနစ်သောင်း၊ ပဉ္စမထပ် တစ်ခန်းလျှင် ငွေကျပ် ၁၈၀ သိန်း နှစ်သောင်းငါးထောင်နှုန်းရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


