မင်းဘူး ၃၀  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်သည် ၁၅၈၅ စင်တီမီတာသို့ ရောက်ရှိနေပြီး မြေနိမ့်ပိုင်းနေရာများတွင် မြစ်ရေ စတင်ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

 Minbu (2).j

 

“ဧရာဝတီမြစ်ရေဟာ မင်းဘူးမြို့မှာဆိုရင် သတ်မှတ်ထားတဲ့ စိုးရိမ်ရေအမှတ်က ၁၇၀၀ စင်တင်မီတာ ဖြစ်ပါတယ်၊ ယနေ့နံနက် ၆ နာရီခွဲထိ တိုင်းထွာရရှိတဲ့အဖြေ ၁၅၈၅ စင်တီမီတာနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် စိုးရိမ်ရေအမှတ် ရောက်ဖို့ ၁၁၅ စင်တီမီတာ လိုပါသေးတယ်၊ နောက်နှစ်ရက်အတွင်း မင်းဘူးမြို့မှာ ယခုရောက်ရှိနေတဲ့ ရေအမှတ်ထက်တိုးလာဖို့ မရှိနိုင်ဘူးလို့ဘဲ ခန့်မှန်းထားပါတယ်၊ ဧရာဝတီမြစ်ကမ်းတစ်လျောက် အခုရေဝင်ရောက် နေတဲ့နေရာတွေကတော့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေဝင်ရောက်မှုသာဖြစ်ပါတယ်”ဟု မင်းဘူးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်အုန်းမှ ပြောကြားသည်။

 

 Minbu (3).j

 

မင်းဘူးမြို့တွင် ယခုလက်ရှိ ဧရာဝတီမြစ်ရေကို တစ်နေ့သုံးကြိမ်တိုင်းထွာပြီး ရေအမှတ် ၁၆၀၀ စင်တီမီတာသို့ ရောက်ရှိပါက တစ်နာရီတစ်ကြိမ် တိုင်းထွာပြီး ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ မင်းဘူးမြို့၌ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဧရာဝတီမြစ်ရေ အမြင့်ဆုံးရေအမှတ်အဖြစ် ၁၅၇၅ စင်တီမီတာအထိသာ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)