၃၀ ဇူလိုင်

 

 

ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ကိုးဦးသည် အုပ်စုလိုက် ကူးစက်ခံရခြင်းဖြစ်ပြီး နိုင်ငံအတွင်း ကူးစက်ခံရသူပေါင်း ၄၅၉ ဦး ရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့မနက်ပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။

 

 

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနောင်းမြို့တွင် ဇူလိုင် ၂၅ ရက်နေ့ကတည်းက လူအုပ်စုလိုက် ကူးစက်မှု အများအပြား တွေ့ရှိခဲ့ပြီး ဒေသခံများ အပါအဝင် ထပ်မံကူးစက်ခံရသူ ရှစ်ဦး ရှိသည်ဟု ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

 

ထပ်မံကူးစက်ခံရသူ အခြားတစ်ဦးမှာ မြို့တော်ဟနွိုင်းက အသက် ၇၆ နှစ်အရွယ် အဘိုးအိုတစ်ဦး ဖြစ်ပြီး မကြာသေးမီက ဒါနောင်းမြို့သို့ ခရီးသွားခဲ့သူ ဖြစ်သည်။

 

 

ဟနွိုင်းအာဏာပိုင်များက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကို ထိန်းချုပ်ရန် မြို့တော် ပတ်ဝန်းကျင် ဒေသများနှင့် လူနေထိုင်ရာ လမ်းကြားများ အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှုကို ယမန်နေ့ညက ချမှတ်ခဲ့သည်ဟု ဗီယက်နမ် သတင်းဌာနက ဖော်ပြခဲ့သည်။

 

 

ဟနွိုင်းပြည်သူ့ကော်မတီ ဉက္ကဌ ငုယင်ဒုချောင် က လူအုပ်စု စုဝေးပွဲများနှင့် ပွဲတော်များကို ပိတ်ပင်ထားပြီး အရက်ဆိုင်များနှင့် နိုက်ကလပ်များ  ယမန်နေ့ညမှ စတင်ကာ ပိတ်ထားရန် ညွှန်ကြားခဲ့သည်။

 

 

ယနေ့မနက်အထိ ရောဂါကူးစက်ခံရမှုမှ ကျန်းမာရေး ကောင်းမွန်လာသူ ၃၆၉ ဦး ရှိပြီး ကူးစက်ခံရမှုကြောင့် သေဆုံးသူမရှိကြောင်းနှင့် သီးခြားကန့်သတ်ထားပြီး စောင့်ကြည့်စစ်ဆေး ခံယူနေရဆဲဖြစ်သူ ဦးရေ ၈၁၅၀ဝ ကျော် ရှိနေကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို