နေပြည်တော် ၃၀ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက် နေသည့်အချိန်တွင် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ထိခိုက်လွယ်အခြေအနေတွင်ရှိသော လမ်းပေါ်နေ ကလေးသူငယ်များအတွက် လုပ်ငန်းစီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
၎င်းစီမံချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဆက်စပ်အစိုးရဌာန အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် UNICEF (မြန်မာ), World Vision, TDHL, Plan International ၊ Kinnected Myanmar တို့နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းပေါ်နေကလေး အိမ်ထောင်စု (၂၂၆)စုအတွက် အခြေခံ စားသောက်ကုန်များ ဝယ်ယူရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ဝယ်ယူနိုင်ရန် ထောက်ပံ့ပေးခဲ့သည်။
ယခုအခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုကို ကာကွယ်ရန်နှင့် ကပ်ရောဂါကာလအတွင်း လမ်းပေါ်နေကလေးများနှင့် ၎င်းတို့၏ မိသားစုများကို အခြေခံစားသောက်ကုန်နှင့် တစ်ကိုယ်ရည်သုံး ကျန်းမာရေး ပစ္စည်းများကို ထောက်ပံ့နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးတွင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက် ရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ပုသိမ်ကြီးမြို့နယ်၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်မြို့ နယ်များရှိ လမ်းပေါ်နေကလေးများ၏ အိမ်ထောင်စု (၂၀၀)၏ အခြေခံ သတင်းအချက်အလက် ကောက်ယူရန်သင်တန်းကို ဇူလိုင် ၂၂ ရက်တွင် ပို့ချခဲ့ပြီး ဇူလိုင် ၂၅ရက်အထိ မြို့နယ်(၆) မြို့နယ်ရှိ လမ်းပေါ်နေကလေးတို့၏ အခြေခံသတင်းအချက်အလက်များ ကောက်ယူခဲ့သည်။
ထို့နောက် ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ လမ်းပေါ်နေကလေး အိမ်ထောင်စု(၂၀၀) အတွက် (၅၀၀၀၀)ကျပ်တန်ဖိုးရှိ အခြေခံ စားသောက်ကုန်နှင့် တစ်ကိုယ်ရည်သုံးကျန်းမာရေး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့သည်။ လမ်းပေါ်နေ ကလေးများအား ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းအားဖြင့် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ၎င်းတို့အပေါ် အလွဲသုံးစားပြုခြင်းအား ကာကွယ်တားဆီးနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများရရှိခဲ့ကြောင်း၊ ၎င်းစီမံချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အနေဖြင့် ဇွန် ၆ ရက်နေ့မှ ဇူလိုင် ၉ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၁)မြို့နယ်တို့တွင် လမ်းပေါ်နေကလေးများအား ထောက်ပံ့ခြင်းကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်