ကျိုင်းတုံ ၃၀ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်ထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေးရာသို့ အသက် ၁၈ နှစ်ပြည့်သူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မိမိအမည်ပါမပါ သွားရောက်စစ်ဆေးရန်၊ အကယ်၍ မဲစာရင်းတွင် ပြင်ဆင်ရန်၊ ဖြည့်စွက်ရန်၊ ပယ်ဖျက်ရန် တစ်စုံတစ်ရာတွေ့ရှိခဲ့ပါက မဲစာရင်း ကပ်ထားကြေညာသည့် ဇူလိုင် ၂၅ ရက်မှစ၍ သြဂုတ် ၇ ရက်ထိ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၁ အုပ်စု ရှိပြီး ပထမအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင် ၁၂၀၀၀၀ ကျော်၊ လက်ရှိလျာထားမဲရုံပေါင်း ၁၂၀ ရှိပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ် ၉ မြို့နယ်တွင် ပထမအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင် ၄၆၀၀၀၀ ကျော်၊ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် လျှောက်လွှာတင်သူ လက်ရှိ ၁၃၀၀ ကျော်ရှိကာ လစဉ်စာရင်းပြုစု၍ ဒုတိယအကြိမ် ကပ်ထားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးကျော်မိုး ထံမှသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)