မုံရွာ ၃၀ ဇူလိုင်
မုံရွာမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူကြီးများ၏ လယ်ယာလုပ်ငန်းများ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး လယ်ယာသုံးထွန်စက်ကြီးများကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးသော လယ်ယာသုံး ထွန်းစက်ကြီး (၂)စီးအား တောင်သူကြီးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မုံရွာမြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်သန်းထံမှ သိရသည်။
လယ်ယာသုံးထွန်းစက်ကြီးများ ဝယ်ယူအသုံးပြုသူ တောင်သူများအနေဖြင့် စက်တန်ဖိုး ငွေကို(၂)နှစ် အတွင်း (၃)ကြိမ်ခွဲကာ ပေးချေပေးရမည်ဖြစ်ကြောင်း သိရသည်။
“ အခုလောလောဆယ် ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ကာလမှာ တောင်သူလယ်သမားများရဲ့ အကျိုးစီးပွား အတွက် ထွန်ယက်ရေးလုပ်ငန်းခွင်မှာ အဆင်ပြေစွာ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ဌာနကနေပြီး တောင်သူတွေကို အရစ်ကျငွေချေစနစ်နဲ့ ရောင်းချပေးတာဖြစ်ပါတယ်၊ ရောင်းချပေးတဲ့နေရာမှာ ဈေးနှုန်း အနေအထား နဲ့ပြောရင် ဈေးနှုန်းချိုသာစွာနဲ့ ဖြန့်ဖြူးပေးတာဖြစ်ပါတယ်၊ လက်ရှိရောင်းတဲ့ စက်တစ်စီးကို ပထမ အရစ်(၇၈)သိန်း ပေးသွင်းရပြီး (၂)နှစ်အတွင်းမှာ (၃)ရစ်ပေးသွင်းပြီး စက်ကိရိယာကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်၊ ဒီစက်တွေနဲ့ လုပ်ငန်းလုပ်ရင်းရတဲ့ငွေနဲ့ နောင်အရစ်ကျငွေတွေပေးဆပ်ဖို့ အထောက်အကူရမှာဖြစ်သလို မိမိလယ်ယာမြေကို ထွန်ယက်နိုင်ပြီး ဆွေမျိုးနီးစပ်ကျေးရွာမှာ အတူရှိတဲ့တောင်သူလယ်သမားများကို လုပ်ငန်း အထောက်အပံ့တွေကို ပေးနိုင်မှာဖြစ်ဖြစ်ပါတယ် ”ဟု မုံရွာမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်သန်းက ပြောသည်။
မုံရွာမြို့နယ်အတွင်း တောင်သူကြီးများ လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုမှု အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လက်တွန်းထွန်စက် (၃၇)စီး၊ ထွန်စက်ကြီး (၄)စီးအား ဝယ်ယူအသုံးပြုခဲ့ကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း လက်တွန်းထွန်စက် (၃၇)စီးနှင့် ထွန်စက်ကြီး (၄)စီးအား လက်ငင်း ငွေချေစနစ်နှင့် အရစ်ကျငွေချေစနစ်များဖြင့် ဝယ်ယူအသုံးပြုခဲ့ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
လယ်ယာသုံးထွန်စက်ကြီးများကို လွှဲပြောင်းပေးအပ်ခြင်းနှင့်အတူ စက်ကိရိယာ အချက်အလက်များကို ရှင်းပြခြင်းနှင့် မောင်းနှင်ထိန်းသိမ်းခြင်းတို့ကို စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ထွန်စက်ကြီးများကို အသုံးပြုကြမည့် တောင်သူကြီးများကို လက်တွေ့လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)