ဟိုပုံး ၃၀ ဇူလိုင်
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ရှမ်းပြည်နယ် အတွင်း COVID-19 Economic Relief Plan ပါ Action Planအရ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန်အတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါင်လင်းကျေးရွာအုပ်စု၊ တွွံတီးကျေးရွာ ဥပုဒ်ဇရပ်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစိုင်းလုံကျော်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင် တို့က အမှာစကားအသီးသီး ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းလင်းက “ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေး အစီအစဉ်များကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရေသတ္တဝါမွေးမြူထုတ်လုပ်မှု လုပ်ငန်းများမှာ ထိခိုက်မှုများရှိခဲ့ပါတယ်။ ငါးမွေးတောင်သူများအတွက် သွင်းအားစုဖြစ်သော ငါးသားပေါက်၊ ငါးအစာ၊ ငါးလုပ်ငန်းသုံး ပစ္စည်းများ ဝယ်ယူခြင်း၊ သယ်ယူခြင်းများတွင် သွားလာမှုကန့်သတ် တားမြစ်မှုများကြောင့် အခက်အခဲများရှိလာခြင်း၊ နည်းပညာပံ့ပိုးပေးနိုင်ရေးအတွက် စိန်ခေါ်မှုများရှိလာခြင်း၊ ငါးသား ဖေါက်ရုံ၊ ငါးမွေးမြူရေးကန်များ၊ မွေးမြူရေးငါးများ အေးခဲပြုပြင်ထုတ်ပိုးမှုလုပ်ငန်းတွင် လုပ်သား ရရှိနိုင်မှု လျော့ကျခြင်း၊ ငါးမွေးမြူရေးထွက်ကုန်များ ဝယ်လိုအားကျဆင်းပြီး ငါးဈေးနှုန်း ကျဆင်းခြင်း၊ ရေထွက်ကုန်ပစ္စည်းများ ပြည်ပပို့ခြင်း လုပ်ငန်းများ ထိခိုက်မှုကြောင့် လုပ်ငန်းရှင်များ စီးပွားရေးအရ နစ်နာဆုံးရှုံးခြင်းများ ဖြစ်ပေါ်ခဲ့ရပါတယ်။ ငါးလုပ်ငန်းဦးစီးဌာန၏ CERP စီမံချက်အရ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ငါးမွေးတောင်သူများအတွက် ငါးမွေးလိုင်စင်ခွန် ပေးဆောင်ထားသည့် ငါးမွေး တောင်သူ ၁၁၇၅၄ ဦး ငါးကန်ဧက ၁၅၀၀၀၀ ထောက်ပံ့မယ့် ငါးကောင်ပေါက်ကောင်ရေ (၂၉၈၁.၉၂)သိန်းဖြစ်ပါတယ်။ ရှမ်းပြည်နယ် အနေဖြင့် ငါးမွေးတောင်သူ(၈၁၄)ဦး၊ ငါးကန်ဧက (၁၆၃၅.၈၂)၊ ငါးသားပေါက်(၁၆.၃၆)သိန်းဖြစ်ပြီး ယခုအခါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပေါင်လင်းကျေးရွာအုပ်စု၊ တွံတီကျေးရွာရှိ ငါးကန် ၃၄.၀၃၆ဧက အတွက် ငါးသားပေါက်သုံးမျိုးဖြစ်သော ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး၊ ငါးမြစ်ချင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၇၀၀၀၀)အား ငါးမွေးတောင်သူသို့ ထောက်ပံ့ပေးအပ် သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ ရှမ်းပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးတင်ထွန်းလင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရေးမှူးဦးအောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ငါးသားကောင်ပေါက်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)