ရေး ၃၀ ဇူလိုင်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအား ပြည်နယ် UNDP မှ အခြေခံဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကို ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ဖွင့်လှစ်ပို့ချပေးခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် UNDP တာဝန်ခံ ဒေါ်နီနီလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားပို့ချပေမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံဝေါဟာရနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဘေး အန္တရာယ် စီမံခန့်ခွဲမှု စက်ဝန်း၊ ကြိုတင်သတိပေးစနစ်၊ ကယ်ဆယ်ရေးစခန်း စီမံခန့်ခွဲခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် ပစ္စည်းများဖြန့်ဝေခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး ၊ ဆုံးရှုံးပျက်စီးမှုနှင့် လိုအပ်ချက်များ သုံးသပ်ခြင်း၊ အသေးစားဘေးအန္တရာယ်များ အတွက် ကျင့်သုံးရန်စည်းမျဉ်းများ၊ GPS အသုံးပြုခြင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်အခြေအနေတွင် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ အရေးပေါ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ သင်ခန်းစာများကို ပြည်နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ပို့ချပေးခဲ့သည်။
သင်တန်းသို့ မြို့နယ်/ရပ်ကွက်/ကျေးရွာအဆင့် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ ဝင်များနှင့် စေတနာ့ ဝန်ထမ်းလူမှုရေး အသင်းဝင်(၂၅)ဦးတို့က သင်တန်းတက်ရောက်ခဲ့ကြပြီး ရပ်ကွက်/ကျေးရွာ များတွင် ဘေးအန္တရာယ်ဆိုင်ရာ သင်တန်းများကို ထပ်ဆင့်ပြန်လည်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)