ပခုက္ကူ ၃၀ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပခုက္ကူခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျတ်ဖြင့် သဘာဝဘေးဒဏ်သင့် ရေကြီးနစ်မြုပ် ကျေးရွာများသို့ တိရိစ္ဆာန်မွေးမြူ ရေးအစာအိတ်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်ဦးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်တို့က အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ ယမင်းသီရိဌေးက ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျပြီး ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာ များသို့ တိရိစ္ဆာန် မေးမြူရေးအစာအိတ်များ ထောက်ပံ့ဖြန့်ဖြူးပေးသည်နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ မြင့်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့်တာဝန်ရှိသူများက မြို့နယ်အတွင်း ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေနစ်မြုပ်ခဲ့သည့် ကျေးရွာ(၁၃)ရွာမှ တိရိစ္ဆာန် (၂၄၀၇) ကောင်အတွက် တိရိစ္ဆာန်မွေးမြူရေးအစာအိတ်(၁၀ဝ)တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅)အုပ်စုမှ ရှားပင်၊သဖန်းပင်၊ထောက်ရှာပင်၊ ကျီးပင်ခုံ၊ ကျွန်းကလေး၊ ရှားပင်ကိုင်း၊ ဇလုပ်၊ အနောက်လှည်းချောင်းပေါက်၊ ကူကျွန်း၊လက်ပံကျွန်း၊ နုန်းပို့ကုန်း၊ ကျွန်းပုလု၊ ခြောက်ဦးသား စသည့် ရေကြီးနစ်မြုပ်သည့် ကျေးရွာ(၁၃)ရွာရှိ ကျွဲ၊နွားတိရိစ္ဆာန် ကောင်ရေပေါင်း (၂၄၀၇) ကောင်တွေအတွက် မွေးမြူရေးအစာအိတ် (၁၀ဝ)အိတ်ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။ ထို့အပြင် (၃၀)ပါ ကီလို(၅၀)ခန့်ရှိသည့် အစာနုတိရိစ္ဆာန်မွေးမြူရေးအိတ် တစ်အိတ်သည် ကာလတန်ဖိုးအနေဖြင့် ငွေကျပ်သုံးသောင်းခန့်ရှိပြီး ပခုက္ကူခရိုင်အတွင်း ရေဘေးသင့်ရေနစ်မြုပ်သည့် ကျေးရွာ (၂၈)ရွာမှ ကျွဲနွား တိရိစ္ဆာန်ကောင်ရေ(၇၂၂၆)ကောင်အတွက် ကာလတန်းဖိုးကျပ်သိန်း(၉၀)ရှိ တိရိစ္ဆာန်မွေးမြူရေးအစာအိတ် ပေါင်း(၃၀ဝ)ကို ထောက်ပံ့ဖြန့်ဖြူးပြီး ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်