နေပြည်တော် ၃၀ ဇူလိုင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ညနေ ၄ နာရီက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် စက်မှုလယ်ယာစံပြစိုက်ကွင်း၌ ကျင်းပသည့် စပါးမျိုးစေ့ချ ကိရိယာ၊ တန်းကြားဖော်ကိရိယာနှင့် ဆေးဖျန်းကိရိယာများဖြင့် စမ်းသပ်အသုံးပြုစိုက်ပျိုးထားသော မိုးစပါးစိုက်ကွင်းသို့ သွားရောက်စစ်ဆေး အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲဒီကျေးရွာ တောင်သူ ဦးကြည်စိန်၏ စိုက်ကွင်းတွင် စက်မှုလယ်ယာဦးစီးဌာနက စမ်းသပ်ထုတ်လုပ်ထားသည့် (၁၀)တန်းသွား စပါးမျိုးစေ့ချ ကိရိယာဖြင့် စပါးစမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ စပါးကြဲခင်းများအား လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် ရောဂါပိုးမွှား ကင်းစင်ရေးအတွက် တန်းကြားဖော်ကိရိယာအသုံးပြု၍ တန်းကြား (၁၀)လက်မဖြင့် စမ်းသပ်သုတေသန ပြုထားသည့် တန်းကြားဖော်ထားသော စပါးခင်းများကိုလည်းကောင်း၊ (၈)တန်းသွား (၄)တန်းသွား စပါးမျိုးစေ့ချကိရိယာများဖြင့် မြေသားအခြောက်အခြေအနေတွင် အတန်းလိုက် မျိုးစေ့ချစိုက်ပျိုးထားမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးရာ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့က ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရေမြေ သဘာဝနှင့် ကိုက်ညီပြီး အရည်အသွေး ကောင်းမွန်သော လယ်ယာသုံး စက်ကိရိယာများ ပိုမိုသုံးစွဲနိုင်ရေးနှင့် ခေတ်မီစက်မှု လယ်ယာစနစ်ကို အချိတ်အဆက်မိမိ ကူးပြောင်းဆောင်ရွက်နိုင်ရန် အားပေးကူညီ ဆောင်ရွက်သွား မည်ဟူသောအချက်ကို မိမိတို့ဝန်ကြီးဌာန၏ စက်မှုလယ်ယာနှင့် သွင်းအားစုများဆိုင်ရာ မူဝါဒတစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများလက်ဝယ်ရှိ ထွန်စက်များ၊ စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေကြသော စက်ပိုင်တောင်သူများ အနေဖြင့် မိမိတို့ဒေသအလိုက် စိုက်ပျိုးလုပ်ကိုင်နေသော ကြဲပက်စနစ်ဖြင့် စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများကို အတန်းလိုက်ဖော်နိုင်ရန် စက်မှုလယ်ယာဦးစီးဌာနက ထုတ်လုပ်ထားသည့် လက်တွန်းထွန်စက်နှင့် တွဲဘက်အသုံးပြုနိုင်သော (၆)တန်းတန်းကြားဖော် ကိရိယာ၊ ကောက်စိုက်စက်နှင့် တွဲဘက်အသုံးပြုနိုင်သော (၆)တန်းတန်းကြားဖော် ကိရိယာ၊ ထွန်စက်ကြီးနှင့် တွဲဘက်အသုံးပြုနိုင်သော (၈)တန်းတန်းကြားဖော် ကိရိယာများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထွန်စက်ကြီးများကို သံဘီးအမြင့်များ တပ်ဆင်၍ စိုက်ခင်းများအား ပိုးသတ်ဆေးဖျန်း ကိရိယာကိုလည်းကောင်း၊ (၈)တန်း (၄)တန်း အခြောက်မျိုးစေ့ချ ကိရိယာများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။
စက်မှုလယ်ယာဦးစီးဌာနက စမ်းသပ်ထုတ်လုပ်ထားသည့် (၁၀)တန်းသွား စပါးမျိုးစေ့ချကိရိယာသည် တစ်ဧကပြီးစီးရန် (၃၅)မိနစ်ခန့်ကြာမြင့်ပြီး မျိုးစေ့ (၇)ပြည်ခန့်သာ ကုန်ကျမည်ဖြစ်သည်။ သမားရိုးကျ ကြဲပက်စိုက်ပျိုးပါက တစ်ဧကလျှင် မျိုးစပါး တစ်တင်းခွဲမှ နှစ်တင်းအထိ ကုန်ကျနိုင်သဖြင့် မျိုးစေ့သုံးစွဲမှူကို လျော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်