ဖားကန့် ၃၁ ဇူလိုင်      

ကမ္ဘာကျော် ကျောက်စိမ်းများထွက်ရှိရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ဝင် ဆိုင်းဘုတ်အနီး မြို့အမှတ်လက္ခဏာအဖြစ် ကျောက်စိမ်းရိုင်းတုံးအစစ်ကို ကလပ်ခုံဖြင့် ယမန်နေ့ နံနက်ပိုင်းက ထားရှိထားကြောင်း မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမြင့်အေး ထံမှသိရသည်။

 

 IMG_202007

 

"ကျောက်စိမ်းရိုင်းထားရှိဖို့ ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပြီး ခွင့်ပြုချက်နဲ့ ဆောင်ရွက်ထားတာပါဗျ၊ ကျောက်စိမ်းရိုင်း အလှူရှင်က ဆန်ခါကျေးရွာက ဦးသိန်းဌေးပါ၊ ကျောက်စိမ်းရိုင်းက တစ်တန်ကျော်လောက် ရှိပါတယ်၊ ကျောက်စိမ်းရိုင်းကို မြို့ဝင်ဆိုင်းဘုတ်နားမှာပဲ ကလပ်ခုံနဲ့မနေ့က ထားရှိထားပါတယ်၊ တစ်ပတ်အတွင်း ကလပ်ခုံကို ဆေးသုတ်တာနဲ့ ကျောက်စိမ်းရိုင်းကို အရောင်တင်တာတွေ ဆက်လုပ်သွားမှာပါ" ဟု ဦးမြင့်အေးက ပြောသည်။

 

မြို့အမှတ်လက္ခဏာအဖြစ် ကျောက်စိမ်းရိုင်းထားရှိရန် လှူဒါန်းပေးသည့် ဆန်ခါကျေးရွာမှ ဦးသိန်းဋ္ဌေးက "ကျွန်တော် ဖားကန့်ကို ရောက်တာ နှစ်ပေါင်းသုံးဆယ်ကျော်ပါပြီ၊ မြို့အတွက် ကြီးကြီးမားမား ဘာမှမလုပ်ပေးနိုင်သေးဘူး၊ အဲ့တော့ အခွင့်အရေးရတုန်း လှူလိုက်မယ်ဆိုပြီး လှူဖြစ်သွားတာပါ၊ ကျောက်က သိန်းသုံးရာ တန်ဖိုးထွက်ပြီးသားပါ"ဟု ပြောသည်။

 

 IMG_20200730

 

ကျောက်စိမ်းရိုင်းတင်ရန်အတွက် ကလပ်ခုံ ဆောင်ရွက်မှုကို ကျပ်သိန်း(၈၀)ကျော် ကုန်ကျခဲ့ပြီး မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့် စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်း ခဲ့ကြကြောင်း သိရသည်။

 

ယခင်က ဖားကန့်မြို့ဝင်ဆိုင်းဘုတ်နှင့်အတူ သင်္ဘောဆေးသုတ်လိမ်းထားသော မျိုးမမှန်သည့် ကျောက်စိမ်းရိုင်း ထားရှိခဲ့ပြီး မြို့နေလူထုမှ မြို့အင်္ဂါရပ်နှင့်မညီကြောင်း ဝေဖန်သံများ ထွက်လာသည့် အတွက် လည်းကောင်း နေရာတွင်ပင် ယခုနှစ် မတ်လနောက်ဆုံးပတ်က မြေမြှုပ်ပစ်ခဲ့ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)