ပဲခူး ၃၁ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ဇူလိုင်လ (၃၁) ရက် နံနက် (၁၁:၃၀) နာရီအချိန်က တောင်ငူ-ကျောက်ကြီး-ရွှေကျင်-ဝင်းကံ လမ်းပေါ်ရှိ ရွှေကျင်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက တံတားတည်ဆောက်ပေး ခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားကြောင်း သိရပါသည်။ ထို့နောက် တောင်ငူ-ကျောက်ကြီး-ရွှေကျင်-ဝင်းကံလမ်းပေါ်ရှိ ရွှေကျင်ချောင်းကူးတံတားကို ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စောသလေးစော၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့်ဒေါ်လှလှဝင်း၊ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ကမ္ပည်းမော်ကွန်း ကျောက်စာကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ၊ အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါ ရွှေကျင်ချောင်းကူး တံတားသည် ရွှေကျင်ချောင်းပေါ်တွင် အရှည် (၁၆၈၀) ပေ၊ အကျယ် (၃၀) ပေရှိပြီး ယာဉ်သွားလမ်းအကျယ် (၂၄) ပေ (၂) လမ်းသွား၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် (၃) ပေစီပါရှိသော ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန၊ တည်ဆောက်ရေး (၃) ၊ တံတားအထူးအဖွဲ့ (၉) က ၂၀၁၇ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်ကာ လုပ်ငန်းအကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပြီး၊ ကုန်ကျငွေ စုစုပေါင်း ကျပ်သန်း (၆,၆၀၀)ရှိကြောင်း သိရသည်။
ရွှေကျင်ချောင်းကူးတံတား တည်ဆောက်ပြီးစီးခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် တောင်ငူ၊ ကျောက်ကြီး၊ ရွှေကျင်မြို့နယ်များအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အချိန်တိုအတွင်း ရာသီမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီး၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အထိ ခရီးပေါက်နိုင်ပြီ ဖြစ်သဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
# MRTV