မိုင်းပန် ၃၁ ဇူလိုင်
၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲစာရင်းများအား ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက မိုင်းပန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတွင် စတင်ကပ်ထားကြေညာလျက်ရှိရာ အဆိုပါ မဲစာရင်း၌ အချက် အလက်များ မှန်ကန်ပြည့်စုံမှု ရှိစေရေးအတွက် ပြည်သူများမှ မဲစာရင်းကပ်ထားရာနေရာသို့ လာရောက်ကြည့်ရှုကြ၍ ပြင်ဆင်ရန်ရှိသည့် အချက်အလက်များအား ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲစာရင်းတွင် ပါဝင်ခြင်းဖြင့် ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရန်နှင့် မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရေးအတွက် အချက်အလက်များ ပြင်ဆင်ရန်ရှိပါက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ ပြင်ဆင် လျှောက်ထားလျက်ရှိရာ ဇူလိုင် (၃ဝ) ရက် ညနေပိုင်းအထိ ပုံစံ (၃) တောင်းဆိုလွှာဖြင့် လျှောက်ထားသူ (၁၃၅) ဦး၊ ပုံစံ(၄) ကန့်ကွက်လွှာဖြင့် လျှောက်ထားခြင်း (၃၂) ဦး၊ ပုံစံ-၄(က) ပယ်ဖျက်လွှာဖြင့် လျှောက်ထားသူ (၁၂) ဦး၊ ပုံစံ-၄(ဂ) ပြင်ဆင်လွှာဖြင့် လျှောက်ထားသူ (၅၈) ဦး တို့မှ ပြင်ဆင်နိုင်ရန် လျှောက်ထားခဲ့ကြကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအနေဖြင့် ပထမအကြိမ် မဲစာရင်း၌ မိမိ၏ အမည်ပါ/မပါ စစ်ဆေး၍ ပါရှိပါက မိမိ၏ အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ မိဘအမည်၊ နေရပ်လိပ်စာတို့အား မှန်ကန်တိကျမှုရှိ/မရှိ စစ်ဆေး၍ ပြင်ဆင်ရန်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှိ တာဝန်ရှိသူများ ထံမှတဆင့် ပြင်ဆင်လျှောက်ထားနိုင်ပါကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မိုင်းပန်(ပြန်/ဆက်)