သထုံ   ၃၁ ဇူလိုင်    

 

မွန်ပြည်နယ် သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ယနေ့ မွန်းလွဲ ၃ နာရီက အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်း(၂/၂၀၂၀) သင်တန်းဆင်းပွဲ ကျင်းပသည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်မှူး ဦးဌေးဝင်းက မွန်ပြည်နယ်အတွင်း ရှိ ငါးမွေးတောင်သူများနှင့် စိတ်ဝင်စားသူများကို ငါးမွေးမြူခြင်းလုပ်ငန်းနှင့်ပတ်သက်၍  စာတွေ့၊ လက်တွေ့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း သင်ကြားပေးနေပြီး သိရှိခဲ့သည့်နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေပေးခြင်းဖြင့် အကျိုးပြုဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ဒေသရှိ ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေကြသူများအား ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ငါးမွေးတောင်သူများအနေဖြင့် ကောင်းမွန်သည့် ရေသတ္တဝါမွေးမြူရေးကျင့်စဉ်နဲ့အညီ ဂရုပြုဆောင်ရွက်စေလိုပါကြောင်း သင်တန်းဆင်းဆင်းအမှာစကား ပြောကြားကာ သင်တန်းတက်ရောက်လာသူများအား သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းကို ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မော်လမြိုင် တက္ကသိုလ် သတ္တဗေဒဌာနမှ နည်းပြများ၊ ကျောင်းသား ကျောင်းသူများ၊ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ငါးမွေးမြူရေးစိတ်ပါဝင်စားသူ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၅ ဦး  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သက်ဦး(သထုံ)