နေပြည်တော် ၃၁ ဇူလိုင်
ကချင်ပြည်နယ်အတွင်း ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ် (၄)မိုင် တပ်စခန်း - စုစည်း - တောင်သုံးလုံး - မက်လင်ကော့လမ်း (၁၉)မိုင်တွင် တောင်ပြို မြေပြိုကျသဖြင့် လမ်းပြတ်တောက်မှုများ၊ သစ်ပင်များပြိုလဲ၍ လမ်းကြောင်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် လမ်းပန်းဆက်သွယ် ရေးခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်းသိရှိရသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကြည်သည် ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းနှင့်အတူ ဇူလိုင် ၃၀ ရက်က အဆိုပါ လမ်းပိုင်းအား ပြန်လည်ပြုပြင်ထိန်းသိမ်းရမည့် အခြေအနေများ၊ လတ်တလောလမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမဖြစ်ပေါ်စေရေးအတွက် ယာဉ်၊ ယန္တရားများဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။
အဆိုပါလမ်းသည် ချီဖွေမြို့နယ် (၄)မိုင် တပ်စခန်း - စုစည်း - တောင်သုံးလုံး - မက်လင်ကော့ - လန်းယန် လမ်း ဖြစ်ပေါ်မလာသေးသည့် ရှေးယခင်အချိန်များကပင် ချီဖွေ - လောခေါင် - ထော့ဂေါ့ - ဖီမော် လမ်းအဖြစ် စတင်အသုံးပြုခဲ့ကြပြီး ၂၀၁၃ ခုနှစ်တွင် (၄)မိုင် တပ်စခန်းမှ စုစည်း - တောင်သုံးလုံး - မက်လင် ကော့လမ်း (၁၉)မိုင်အား ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထလမ်းအဖြစ် ဖောက်လုပ်ခဲ့သော်လည်း နှစ်စဉ်မိုးရွာသွန်းမှုများ၍ တောင်ပြိုမြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ဒေသခံပြည်သူများ၏ တောင်းဆိုမှုအရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၂၀၁၄ - ၂၀၁၅၊ ၂၀၁၇ - ၂၀၁၈၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တို့တွင် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လမ်းပိုင်းအား ကျောက်တောင်များ မိုင်းခွဲခြင်း၊ ကျောက်ခင်းခြင်းနှင့် လမ်းတာချဲ့ခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းလမ်းပိုင်းသည် မြစ်ကြီးနားမြို့မှ ချီဖွေ-ဆော့လော်သို့လည်းကောင်း၊ ချီဖွေမှ ဖီမော် - ကန်းဖန့် - လန်ဆယ် - သထုံဇင် - ခေါင်လန်ဖူးမြို့နယ်သို့လည်းကောင်း ဆက်သွယ်သွားလာလျက်ရှိသော အဓိက အသက်သွေးကြောသဖွယ် လမ်းမကြီးဖြစ်သောကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် အမြန်ဆုံးစီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်