နေပြည်တော် ၃၁ ဇူလိုင်
လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၀)မှ တာဝန်ယူ တည်ဆောက်ပြီးစီးသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ စစ်တောင်းမြစ်ကူးတံတား (မြို့စိုး)ဖွင့်ပွဲ အခမ်းအနားကို ယနံနက် ၈ နာရီခွဲတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်း / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်းအဖွဲ့ အသီးသီးမှ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လမ်း၊ တံတား၊ မြို့ပြဒေသများ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်မှန်းချက် ချမှတ်ထားရှိပါကြောင်း။ မြန်မာနိုင်ငံရှိ ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် လမ်းများ၊ တံတားများ၊ အဆောက်အဦများနှင့် မြို့ပြဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့ပြဒေသများသာမက ဝေးလံခေါင်ပါး သည့်ဒေသများပါမကျန် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။ အခြေခံအဆောက်အအုံမှာပါဝင်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် လိုအပ်သည့်နေရာများတွင် လမ်းသစ်တွေဖောက်၊ တံတားသစ် ဆောက်လုပ်ခြင်းသာမကဘဲ ရှိပြီးသား လမ်း/တံတားဟောင်းတွေကိုပါ အဆင့်မြှင့် တင်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အချက်အခြာကျသည့် တိုင်းဒေသကြီးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး ရန်ပုံငွေ ၊ BOT စနစ်ဖြင့် လမ်းများဖောက်လုပ်ခြင်း၊ တံတားများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက် လျက် ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းတွင် ယခုအထိ လမ်းမိုင်ပေါင်း (၁၃၄၂)မိုင်ကို ဖောက်လုပ်ထားပြီး ပေ(၁၈၀)နှင့်အထက် တံတားကြီး(၄၃)စင်းကို တည်ဆောက် ပေးထားပြီးဖြစ်ပါ ကြောင်း။
ယနေ့ ဖွင့်လှစ်သည့် ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (မြို့စိုး) သည်ပေ(၁၂၀၀)အရှည်ရှိပြီး၊(၂)လမ်းသွား သံကူကွန်ကရစ်တံတားဖြစ်ပါကြောင်း၊ တံတားကြီး၏ အပေါ်ထည်အပိုင်းတွင်ပါဝင်သည့် သံမဏိသံပေါင် (Steel Plate Girder)များကို ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် JFE ကုမ္ပဏီတို့ ဖက်စပ် ထူထောင်ထားသည့် J&M Steel Solutions စက်ရုံမှ ထုတ်လုပ်သည့် သံပေါင်များနှင့် နိုင်ငံတကာအဆင့်မီ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီစွာ တည်ဆောက်ထားခြင်း ဖြစ်ပါ ကြောင်း။
ယခုဖွင့်လှစ်သည့် စစ်တောင်းမြစ်ကူး(မြို့စိုး)တံတားသည် ယခုအစိုးရလက်ထက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း၌ တည်ဆောက်ပြီးစီးခဲ့သည့် (၄၄)စင်းမြောက် ဖွင့်လှစ်သည့် တံတားကြီးလည်းဖြစ်ပါကြောင်း။ ပဲခူးတိုင်းဒေသကြီးအတွင်း၌ တည်ဆောက်လျက်ရှိသည့် စစ်တောင်းမြစ်ကူးတံတား (အုတ်ဖြတ်) ပေ (၆၂၀)၊ စစ်တောင်းမြစ်ကူး တံတား (ရေတာရှည်) ပေ(၈၀၀)၊ ရွှေကျင်ချောင်းကူးတံတား ပေ(၁၆၈၀)၊ ဒါးပိန်မြစ်ကူးတံတား ပေ(၁၂၀၀)၊ မြို့ဦးကင်းတံတား ပေ(၅၁၈)၊ ကဝတံတား ပေ(၆၀၀)၊ တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော် လမ်းပေါ်ရှိ တံတားအမှတ်(၄/၁၃)(၂၀၀)ပေ တို့ကိုလည်း တံတားဦးစီးဌာန၊ တံတားအထူး အဖွဲ့(၆) ၊ တံတားအထူးအဖွဲ့(၉)၊ တံတားအထူးအဖွဲ့ (၁၀) တို့မှ တာဝန်ယူ တည်ဆောက်လျက်ရှိရာ မကြာမီ ပြည်သူများ အသုံးပြုနိုင်တော့မှာ ဖြစ်ပါကြောင်း။
ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ မြို့ရွာများနှင့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ဒေသများဖြစ်သည့် တောင်ငူ - ကျောက်ကြီး - စစ်တောင်း - မုပ္ပလင်လမ်းပေါ်ရှိ မြို့ရွာများအား ဆက်သွယ် သွားလာနိုင်မည် ဖြစ်ပါကြောင်း၊အလားတူ ပဲခူးတိုင်းဒေသကြီးမှ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့ကိုလည်း ဆက်သွယ်ရောက်ရှိနိုင်မည်ဖြစ်ပြီး ဒေသထွက်ကုန်စည်များ အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မှာ ဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးအခြေအနေများ တိုးတက်ကောင်းမွန်လာပြီး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက် လာကာ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေး အထောက်အကူ ပြုနိုင်မှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း က ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လမ်း၊ တံတားများဖွံ့ဖြိုး တိုးတက်မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက စစ်တောင်းတံတား(မြို့စိုး) ဖွင့်လှစ်ပေးသည့် အတွက် ကျေးဇူးတင်ပါကြောင်းနှင့် တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စစ်တောင်းတံတား(မြို့စိုး)အား ပဲခူးတိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ အုတ်တွင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို၊ ထန်းတပင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း၊ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် စစ်တောင်းတံတား(မြို့စိုး) ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်ကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင် တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုသည်။
ဆက်လက်၍ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၉)မှ တာဝန်ယူ တည်ဆောက် ပြီးစီးသည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ တောင်ငူ-ကျောက်ကြီး-ရွှေကျင်-ဝင်းကံ လမ်းပေါ်ရှိ ရွှေကျင်ချောင်းကူးတံတားဖွင့်ပွဲ အခမ်းအနားကို မွန်းလွဲပိုင်းတွင် ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း က ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် ဒေသခံပြည်သူတစ်ဦးက ရွှေကျင်ချောင်းကူးတံတား ဖွင့်လှစ်ပေးသည့် အတွက် ကျေးဇူးတင်ပါကြောင်းနှင့် တံတားကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရွှေကျင်ချောင်းကူးတံတားအား တိုင်းရင်းသားရေးရာလူမျိုးများဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁) ဦးဝင်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဒေါ်လှလှဝင်း၊ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ရွှေကျင်ချောင်းကူးတံတား ကမ္ဗည်းမော်ကွန်းကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်တို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ တံတားကြီးပေါ်မှာ ဖြတ်သန်းကြည့်ရှုသည်။
ယနေ့ဖွင့်လှစ်သည့် တောင်ငူ - ကျောက်ကြီး - ရွှေကျင် - ဝင်းကံလမ်းပေါ်ရှိ ရွှေကျင် ချောင်းကူးတံတားသည် အရှည်ပေ(၁၆၈၀)ရှိပြီး နှစ်လမ်းမောင်းသံကူကွန်ကရစ် တံတား အမျိုးအစားဖြစ်ပါသည်။ တံတား၏ အပေါ်ထည်အပိုင်းကို Reinforcement Concrete, Pre-stressed Post-tension နည်းပညာဖြင့် တည်ဆောက်ထားပါသည်။ တံတားကြီး တည်ဆောက် ပြီးစီးသည့်အတွက် မုပ္ပလင်ဘက်ခြမ်းရှိ အုပ်စု(၁၃)အုပ်စု၊ ကျေးရွာပေါင်း(၂၇)ရွာ၊ လူဦးရေ ၃၆၀၀၀ တို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်သလို ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနှင့် မွန်ပြည်နယ်တို့ကို ဆက်သွယ်သည့် တောင်ငူ-ကျောက်ကြီး-ရွှေကျင်-မုပ္ပလင်လမ်းပေါ်ရှိ အဓိကတံတားကြီး တစ်စင်းဖြစ်ပါကြောင်း သိရသည်။
သတင်းစဉ်