နေပြည်တော်   ၃၁  ဇူလိုင်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းဒေါင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အဦ၊ မြေညီထပ်တွင် ခင်းကျင်းပြသထားသည့် မြန်မာ့ပြည်ပပို့ကုန်ပြခန်းအတွင်း ပြည်တွင်းမှ ထုတ်လုပ်ထားသော တန်ဖိုးမြှင့် ပြည်ပပို့ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုရာ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါနှင့် တာဝန်ရှိသူများက လိုက်လံရှင်းပြခဲ့သည်။

 

ယင်းနောက် အဆောက်အဦ ပထမထပ်ရှိ ပြည်ပနိုင်ငံများမှ ကုန်သွယ်မှုဆိုင်ရာ ကိုယ်စား လှယ်ရုံးခန်းများ ပြုပြင်တည်ဆောက်နေမှုနှင့် Multifunction Hall ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းအုပ်စု (၁၁) ဝင်းအတွင်း ဖွင့်လှစ်ထားသည့် မြန်မာသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၏ ဟင်းသီးဟင်းရွက် Online စနစ်ဖြင့် လက်လီလက်ကား ရောင်းဝယ်ရေးသို့ ရောက်ရှိပြီး အသင်း၏ အတွင်းရေးမှူး၊ ဒေါ်စန္ဒာမျိုးမှ ဟင်းသီးဟင်းရွက်စိုက် ပျိုးထုတ်လုပ်နေမှု၊ Online စနစ်ဖြင့် လက်လီလက်ကား ရောင်းချနေမှုများအား ရှင်းလင်းတင်ပြ ခဲ့ရာ ဒုတိယဝန်ကြီးက ပြည်တွင်းမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်များအား  High Value ပို့ကုန် အဖြစ်လေကြောင်းလိုင်းများဖြင့် ချိတ်ဆက်၍ တင်ပို့နိုင်ရေးနှင့် စားဖိုချောင်သုံး ဟင်းသီးဟင်းရွက် နှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူများအား လိုအပ်လျက်ရှိသည့် ပြည်ပနိုင်ငံများ သို့တင်ပို့နိုင်ရေး အတွက် ကြိုးစားစီစဉ်ဆောင်ရွက်စေလိုကြောင်း ဖြည့်စွက်ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ဆန်းရပ်ကွက်ရှိ MAKRO Shopping Mall သို့ ရောက်ရှိပြီး ဟင်းသီးဟင်းရွက်၊ မီးဖိုချောင်သုံး သီးနှံများ၊ အသားငါးများ၊ လျှပ်စစ်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ပြုလုပ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ခွင့်ရရှိသည့် ကုမ္ပဏီများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ဥက္ကဋ္ဌများ နှင့်ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်ပသို့ဆန်တင်ပို့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများတက် ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်