ဩဂုတ်

ကိုဗစ်-၁၉ အလွန် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များ ပိုမိုဖော်ဆောင် နိုင်ရေးတို့အတွက် ရည်ရွယ်ကျင်းပသည့် မြန်မာ-ဂျပန် ရင်းနှီး မြှုပ်နှံမှုဖိုရမ်ကို Video Conference စနစ်ဖြင့် ဇူလိုင် ၂၉ ရက်က ကျင်းပခဲ့ရာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဖိုရမ်တွင် ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်ရေးအဖွဲ့ဥက္ကဋ္ဌက မြန်မာနိုင်ငံသည် ပိုမိုဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှုနေရာတစ်ခုဖြစ်ကြောင်း၊ ဂျပန်ကုမ္ပဏီများအနေဖြင့်လည်း မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံနိုင်မည့် နေရာသစ်တစ်ခုအဖြစ် ခံစားမိကြပါကြောင်း ပြောကြားခဲ့သလို ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်နေမှုနှင့် ရန်ကုန် အနောက်ပိုင်းစက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းသစ်နှင့် မွန်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန်သစ် တို့ကိုပါ ဂျပန်လုပ်ငန်းရှင် များအား ထည့်သွင်းပြောကြားခဲ့သည်။ ဇူလိုင် ၃၁ ရက်က ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၁၀/၂၀၂၀) အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၆၂ ဒသမ ၆၉၃ သန်းရှိပြီး ပြည်တွင်းအလုပ် အကိုင်အခွင့်အလမ်းပေါင်း ၃၆၆၂ နေရာကို ဖန်တီးပေးနိုင်မည့် စက်မှုကဏ္ဍ၊ အိမ်ရာ အဆောက်အဦကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းအသစ် ခုနစ်ခုတို့ကို ခွင့်ပြုပေးခဲ့သည်။

အထက်ဖော်ပြပါ သတင်းအချက်အလက်များက မြန်မာနိုင်ငံ ကို ပြည်ပမှ ရင်းနှီးမြှုပ်နှံမည့်သူများ၏ စိတ်ဝင်စားမှု၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နေမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်နေမှုတို့ကို ဖော်ပြနေခြင်း ဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံ မှုများသည် နိုင်ငံဖွံ့ဖြိုးရေးတွင် အဓိကအရေးပါသည့်အလျောက် နိုင်ငံတိုင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အပြိုင်အဆိုင် ဖိတ်ခေါ်နေကြသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် မှာလည်း ရေ၊ မြေပြည့်စုံမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံများကောင်းမွန်မှု၊ ဥပဒေအကာအကွယ် ပေးမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုတို့အပြင် ကျွမ်းကျင်အလုပ်သမား ဈေးကွက်ပြည့်စုံမှုလည်း လိုအပ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်လာသည်နှင့်အမျှ ကျွမ်းကျင်အလုပ်သမား လိုအပ်ချက်များလည်း ပိုမိုကြီးမားလာမည်ဖြစ်သည်။ သို့ဖြစ်သည့် အလျောက် မဝေးလှသည့်အနာဂတ်တွင် လိုအပ်လာမည့် ကျွမ်းကျင်အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် သက်မွေးဝမ်းကျောင်း ပညာရပ်များကို အချိန်အခါကိုက်ညီစွာဖြင့် လေ့ကျင့်သင်ကြားပေးရန် လိုအပ်မည်ဖြစ်သည်။

ယင်းသို့ လေ့ကျင့်သင်ကြားပေးရာတွင်လည်း ရင်းနှီးမြှုပ်နှံမှုပြုမည့် လုပ်ငန်းအမျိုးအစားအလိုက် ကျွမ်းကျင်မှု လိုအပ်ချက်၊ ဒေသတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းများအလိုက် လိုအပ်ချက်များနှင့်အညီ လေ့ကျင့်သင်ကြားပေးရမည် ဖြစ်သည့်အပြင် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်သည့်အဆင့်ထိ ကျွမ်းကျင်မှုရရှိအောင် လေ့ကျင့်ပေးထားရမည်ဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို လက်ခံရာတွင် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ပြည့်စုံအောင် ထောက်ပံ့ပေးနိုင်ခြင်းအားဖြင့် ပြည်ပရင်းနှီး မြှုပ်နှံသူများကိုရော မိမိနိုင်ငံအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိ နိုင်မည်ဖြစ်သည်။

မိမိတို့နိုင်ငံ၏ လူဦးရေတွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေအချိုးအစားမြင့်မားသည့်အတွက် လူဦးရေဆုလာဘ်ဟုပင် ဆိုထားသည်။ သို့ရာတွင် အရေအတွက်မျှသာမဟုတ်ဘဲ အရည်အသွေးမြင့်မားမှသာ တကယ့်ဆုလာဘ်ဟု ဆိုနိုင်မည်ဖြစ်ရာ တန်ဖိုး မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်လာအောင် အရင်းအနှီး ပြု လေ့ကျင့်ပျိုးထောင်မှုများ အရှိန်အဟုန်မြှင့် ပြုလုပ်ပေးရန်နှင့် လုပ်ငန်းခွင်ဝင်ရောက်မည့် အသက်အရွယ် လူငယ်မောင်မယ်တိုင်း ကလည်း မိမိကိုယ်ကို ကျွမ်းကျင်မှု အဆင့်မြှင့်တင်ကြကာ မြင့်မား သည့်ဘဝများ ထူထောင်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း