မြိတ် ၁ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ထားဝယ်-မြိတ်လမ်း ၂၂၁ ဒသမ ၂ ကီလိုမီတာအနီး၌ သမုတ်-လွတ်လွတ်တံတား တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ တည်ဆောက်ပြီးစီးမှု ၉၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းတွင် တံတားစတင် အသုံးပြုနိုင်ကြတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
သမုတ်မြစ်အားဖြတ်သန်းတည်ဆောက်နေသော သမုတ်-လွတ်လွတ် တံတား၏ အရှည်မှာ စုစုပေါင်း ၁၂၈၇ ပေရှိပြီး သမုတ်ဘက်ခြမ်းတွင် ၃၀ ဒသမ ၄၇၈ မီတာအရှည် ရှိသော P.C.Girder နှစ်ခန်းနှင့် လွတ်လွတ် ဘက်ခြမ်း၌ ၃၀ ဒသမ ၄၇၈ မီတာအရှည်ရှိသော P.C.Girder သုံးခန်းထည့်သွင်းတည်ဆောက် ထားကာ ရေလယ်ခန်းဖွင့်အရှည် မီတာ ၆၀ ရှိသော Continuous Steel Box Girder လေးခန်းကို ထည့်သွင်းတည်ဆောက်ထားကြောင်း၊ တံတား၏အုတ်မြစ်အား ၁ ဒသမ ၅ မီတာအချင်းရှိသည့် သံကူကွန်ကရစ်ဘိုးပိုင် ဖြင့် တည်ဆောက်ထားပြီး ကိုယ်ထည် RC Concrete နှင့် အပေါ်ထည်မှာ P.C Girder, Steel Box Girder &R.C Decking ဖြစ်ကြောင်း၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေနှင့် လူသွား လမ်းအကျယ်တစ်ဖက်လျှင် သုံးပေစီပါဝင်၍ ရေလမ်းကင်းလွတ်အကျယ် ၁၆၄ ပေနှင့် အမြင့် ၁၅ ပေရှိကာ တံတားခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း တံတားတည်ဆောက်ရေး စီမံကိန်းအားတာဝန်ယူဆောင်ရွက်နေသည့် တည်ဆောက်ရေးအဖွဲ့(၄)မှ သိရသည်။
ယခင်က သမုတ်မြစ်အားဖြတ်သန်း၍ တံတားတည်ဆောက်ရန်ခက်ခဲသောကြောင့် မြစ်ကိုရှောင်ကွင်းကာ တောင်ကြောပေါ်၌ ရှောင်ကွင်းလမ်းဖောက်ထားပြီး တောင်တက်၊ တောင်ဆင်းဖြင့် ရှောင်ကွင်းလမ်းအတိုင်း မြိတ်မြို့ကို သွားကြရသောကြောင့် မိုင်အားဖြင့် အရှည် ၂၅ မိုင်ခန့်သွားလာကြရကြောင်း၊ တံတား တည်ဆောက်ပြီးစီးပါက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသောကြောင့် မိုင်အားဖြင့် ၁၁ မိုင်ခန့် သက်သာစေမည်ဖြစ်၍ ကုန်တင်ယာဉ်နှင့် အခြားယာဉ်များဖြတ်သန်း မောင်းနှင်ပါက အချိန်အားဖြင့် ၄၅ မိနစ်ခန့်အချိန်ကုန်သက်သာစေမည်ဖြစ်သောကြောင့် ကုန်စည်စီးဆင်းမှုများ မြန်ဆန်ချောမွေ့လာမည်ဖြစ်ပြီး ယာဉ်မောင်းနှင်ရာတွင် အသုံးပြုသည့် ဆီအသုံးစရိတ်နှင့် အချိန်ကုန်ပါ သက်သာစေတော့မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ သမုတ်-လွတ်လွတ် တံတားသည် ထားဝယ်-မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းပေါ်တွင် တည်ရှိသောကြောင့် ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအတွက် တိုးမြှင့်လုပ်ဆောင်နိုင်မည် ဖြစ်၍ ကုန်စည်စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေမည်ဖြစ်ကြောင်း သိရသည်။
သတင်း- ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်