ကျွန်းစု ၁  ဩဂုတ်

 

ကျွန်းစုမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီသို့ ဟွန်ဒါအင်ဂျင်တပ် ဖိုင်ဘာစက်လှေငယ် တစ်စီးကို မြိတ်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနမှ ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ရာတွင် မြိတ်ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်က မြို့နယ်အတွင်း သဘာဝဘေးကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ကရုဏာ နာရေးကူညီမှု အသင်းမှ အရေးပေါ်ကျန်းမာရေး အခြေအနေ၌ အသုံးပြုနိုင်ရန် ဟွန်ဒါအင်ဂျင်တပ် ဖိုင်ဘာစက်လှေငယ် တစ်စီးအား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်ဌေးနှင့် ကရုဏာ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ကျွန်းစုမြို့နယ်သည် ရေလမ်းခရီးကိုသာ အဓိကအသုံးပြုရသည့်အတွက်  မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကရုဏာနာရေး ကူညီမှုအသင်းအနေဖြင့် ဘေးဒဏ်ကျရောက်ရာ ဒေသများသို့ ကူညီကယ်ဆယ်ခြင်း လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ  ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းကျော်စော(ပြန်ဆက်)