မင်းဘူး ၁ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုများကြောင့် ရေဝင်သော ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုများကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ရေဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြောင်းရွေ့ရာတွင် မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက်တွင် အိမ်ထောင်စု ၂၆ စု၊ အမှတ် (၃) ရပ်ကွက်တွင် အိမ်ထောင်စု ၅၇ စု၊ အမှတ် (၄) ရပ်ကွက်တွင် အိမ်ထောင်စု ၆ စု၊ တပင်ရွာကျေးရွာတွင် အိမ်ထောင်စု ၄ စု၊ ကျွဲသိုးမြောင်ကျေးရွာတွင် အိမ်ထောင်စု ၂ စု၊ မန်းကျိုးကျေးရွာတွင် အိမ်ထောင်စု ၂၁ စု၊ ထုံးမကြီးကျေးရွာတွင် အိမ်ထောင်စု ၆၅ စု၊ နိဗ္ဗာန်ကျွန်း ကျေးရွာတွင် အိမ်ထောင်စု ၈၅ စုနှင့် ငွေသောင်ကျေးရွာတွင် အိမ်ထောင်စု ၂၄ စုတို့ကို ဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့ပေးထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုများကြောင့် မြို့ပေါ်ရပ်ကွက်ပေါင်း (၃) ရပ်ကွက်နှင့် ကျေးရွာပေါင်း (၆) ရွာတို့မှ အိမ်ထောင်စုပေါင်း ၂၉၀၊ လူဦးရေစုစုပေါင်း ၈၄၆ ဦးတို့ကို စက္ကိန်းတဲဘုရား အရှေ့/အနောက်၊ အောက်ကျောင်းဘုရားကြီးဝန်း၊ ညောင်ဇင်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းကုန်း၊ သံဖိနပ်ခုံ၊ မန်းရေနံမြေဝန်း အတွင်းရှိ သံကန်တန်း စသည့် ရေဘေးလွှတ်ရာနေရာများတွင် ယာယီပြောင်းရွှေ့ နေရာချပေးထားကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)