ညောင်လေးပင် ၁ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့ ညနေပိုင်းက ညောင်လေးပင်မြို့ မြို့မအမှတ် (၂) ရပ်ကွက်၊ ကော်မရှင်ရုံးတွင် မဲဆန္ဒရှင်စာရင်း ကြေညာထားမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့ မြို့မအမှတ် (၂) ရပ်ကွက်၊ ကော်မရှင်ရုံးတွင် မဲဆန္ဒရှင်စာရင်း ကပ်ထား‌ကြေညာမှု အခြေအနေအား ကြည့်ရှုရာ ရပ်ကွက်ကော်မရှင် အဖွဲ့ဝင်များက ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန်အတွက် မဲစာရင်းတွင် မကျန်ခဲ့စေရေး၊ ကျန်ရှိသူ၊ အမည်စာရင်း မှားယွင်းသူများကိုလည်း သတ်မှတ်ပုံစံများဖြင့် စနစ်တကျ ဆောင်ရွက်ပေးရေး၊ မဲဆန္ဒ‌ပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး မိမိတို့အမည် မဲစာရင်းတွင်ပါရှိမှုရှိ မရှိအား လာရောက်ကြည့်ရှုကြရန် အသိပေး နှိုးဆော်ပေးခြင်းများ ပြုလုပ်ကြရန် လမ်းညွှန်မှာကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကော်မရှင်အဖွဲ့ဝင်များထံ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်လေးပင်မြို့နယ် မဒေါက်မြို့ရှိ ရွှေကျင်နိကာယ ပန်းငွေရုံတောရ ကျောင်းသို့ သွားရောက်ပြီး အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သက်တော်ရှည် ပန်းငွေရုံတောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုမနာဘိဝံသအား ဖူးမျှော်ကြည်ညို ရှိခိုးကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေကျင်မြို့သို့ သွားရောက်ပြီး မြေယာပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကိစ္စရပ်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)