စစ်ကိုင်း  ၁  ဩဂုတ်

 

စစ်ကိုင်းမြို့နယ်၊ တန်းတောကျေးရွာတွင် ထင်းအစားထိုး လောင်စာတောင့်လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ခေတ္တရပ်နားထားခဲ့ရပြီး ယခုအခါ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်သည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေမှုရှိလာကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။

 

"ဒီလုပ်ငန်းလုပ်ကိုင်လာတာ (၂)နှစ်လောက်ရှိပါပြီ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလမှာတော့ အရောင်းအဝယ်တွေက ထိုးကျသွားတယ်၊ ယခင်ကဆိုရင် (၇)ရက်တစ်ပတ်မှာ အတောင့်(၄၀)ပါတဲ့ ပီနံအိတ် အလုံး(၂၅၀)လောက်ကို အနယ်နယ်အရပ်ရပ်မှာ ပို့ပေးရတော့ အဆင်ပြေတယ်၊ ပီနံအိတ်တစ်အိတ်ကို ငွေကျပ်(၂၅၀၀) ကျပ်နှုန်းရပါတယ်၊ အခုတော့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေက ကျန်းမာရေးနဲ့အညီ ပြန်ဖွင့်တော့ ကျွန်တော်တို့လည်း လုပ်ငန်းပြန်လည်စတင်လုပ်ကိုင်ရတယ်၊ ယခင်ကလောက်မပို့ရပေမယ့် မိသားစုစားဝတ်နေရေး အတွက် နည်းနည်းအဆင်ပြေလာပါပြီ၊ လုပ်ကိုင်ရင်းနဲ့ ပိုပြီးအဆင်ပြေလာလိမ့်မယ်လို့တော့ မျှော်လင့်ထားပါတယ်" ဟု လောင်စာတောင့် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

 

ထင်းအစားထိုး လောင်စာတောင့်လုပ်ကိုင်ရာတွင် ရွှံ့စေးများကို အရည်ဖျော်ထားပြီး မီးသွေးခဲ အကြေအိတ်များဝယ်ယူ၍ စက်ဖြင့်မီးသွေးအမှုန့်ကြိတ်ကာ ရွှံ့စေးဖြင့်ဖျော်စပ်၍ ပုံလောင်းကာ ၃ ရက်နေပူလှန်းရကြောင်း၊ အသုံးပြုသူများ အနေဖြင့် လောင်စာတောင့် တစ်တောင်ကို အချိန်တစ်နာရီကျော်ကြာအောင် အသုံးပြုရကြောင်း အလုပ်သမား တစ်ဦးထံမှ သိရသည်။

 

(ခရိုင် ပြန်/ဆက်)