မန္တလေး ၁ ဩဂုတ်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့ရွှေမောဌော ရေချိုးဆိပ်တွင်ရေဆင်းကူးရာမှ ရေနစ်သည့် ကျောင်းဆရာအား ည ၉ နာရီအထိ ရှာသော်လည်းမတွေ့ဟု လောကဟိတလူမှုကူညီရေးအသင်းမှ သိရသည်။
စဉ့်ကူးမြို့ရွှေမောဌော ရေချိုးဆိပ်ရှိ ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသည့် ကျောင်းဆရာတစ်ဦး ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ရေနစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆရာသည် ငါန်းဇွန်မြို့နယ်မှဖြစ်ပြီး၊ လက်ပန်လှ (အထက) ကျောင်းသို့ သင်တန်းလာတက်ခြင်း ဖြစ်ကြောင်း သိရသည်။ စဉ့်ကူးမြို့၊ ဧရာဝတီမြစ်အတွင်း ကျောင်းဆရာ နှစ်ဦးရေဆင်းကူးရာ တစ်ဦးရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့လည်း ကြိုးစားပြီး ရှာဖွေနေပါတယ်။ ရေစီးကလည်းသန်တယ်ပြီးတော့ ဝဲကတော့လည်း ဖြစ်နေတယ်။ ည ၉ နာရီကျော်ထိ ရှာဖွေခဲ့ပေမယ့် ရေနစ်ပျောက်ဆုံးတဲ့ ကျောင်းဆရာကို မတွေ့ရသေးပါဘူး၊ ပညာရေးဝန်းထမ်း မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းရပါတယ်"ဟု လောကဟိတ လူမှုကူညီရေးအသင်းမှ ကိုချစ်ကောင်းက ပြောသည်။
ဧရာဝတီမြစ်အတွင်း ကျောင်းဆရာ(၁)ဦး ရေနစ်နေသောကြောင့် လက်ပန်လှ(အ.ထ.က) ဆရာ/ဆရာမများမှ အကူအညီတောင်းခံရာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း) SCUBA ဝတ်စုံသုံး Diver Team တို့ ပူးပေါင်း၍ ရေနစ်ပျောက်ဆုံးသူ ကျောင်းဆရာအား စဉ့်ကူး ရွှေမောဌော ရေချိုးဆိပ် ရေအောက်တွင် ဇူလိုင်လ ၃၁ ရက် ည ၉ နာရီအထိ ရှာဖွေဆယ်ခဲ့ကြောင်း သိရသည်။
မေသက်ထား