ရန်ကုန် ၁ သြဂုတ်
ရန်ကုန်မြစ်အတွင်း ၈ လကျော် ရပ်နားခဲ့သော Yangon Water Bus ခရီးစဉ်ကို ယနေ့ နံနက် ၆ နာရီတွင် ဒလမြို့နယ် ဆာပါချောင်ဆိပ်ကမ်းမှ ရန်ကုန်(လမ်းသစ်)ဆိပ်ကမ်း ခရီးစဉ်တစ်လိုင်းကို ပြန်လည်ဖွင့်လှစ်ပြေးဆွဲခဲ့ရာ လိုက်ပါစီးနင်းကြသော ခရီးသည်များကို တစ်နေ့တာ အခမဲ့စီးနင်းစေခဲ့ပြီး အဟာရများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
Yangon Water Bus အနေဖြင့် ရန်ကုန်မြစ်တွင်း ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ မိဘပြည်သူများ လုံခြုံချမ်းမြေ့စွာ ခရီးသွားနိုင်ရေးအတွက် ယခင်က သမ္မတကမ်းခြေဆိပ်ကမ်းမှ ဗိုလ်တထောင်ဆိပ်ကမ်း၊ အံ့ကြီးအရှေ့ဆိပ်ကမ်းမှ ပန်းဆိုးတန်းဆိပ်ကမ်းနှင့် ဆာပါချောင်ဆိပ်ကမ်းမှ လမ်းသစ်ဆိပ်ကမ်းတို့သို့ ဒလမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများကို ကူးတို့ပို့ဆောင်ပြေးဆွဲခြင်း၊ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု လျော့နည်း စေရေးအတွက် ဗိုလ်တထောင်မှ အင်းစိန်အထိ ခရီးစဉ်များ ပြေးဆွဲခြင်းနှင့် တွံတေးမြို့နယ်နှင့် ကျောက်တန်း ရေလည်ဘုရားဖူး အလည်အပတ်ခရီးစဉ်များကို ပြေးဆွဲခဲ့သည်။ ၈ လ ကျော် ရပ်နားခဲ့ရသော Yangon Water Bus မှာ လက်ရှိအချိန်၌ ဒလမြို့နယ် ဆာပါချောင်ဆိပ်ကမ်းမှ ရန်ကုန်(လမ်းသစ်)ဆိပ်ကမ်း ခရီးစဉ် တစ်လိုင်းတည်းကိုသာ ပြေးဆွဲခြင်းဖြစ်ပြီး ကျန်ရှိသော ဆိပ်ကမ်းများပါ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
“ရန်ကုန်မြစ်တွင်း Yangon Water Bus ခရီးစဉ်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှာ စတင်ဖွင့်လှစ် ပြေးဆွဲခဲ့တယ်၊ ၂၀၁၉ စက်တင်ဘာလမှာ ရပ်ထားခဲ့ရတယ်၊ ၂ နှစ်အတွင်းမှာ ငွေကြေးအရ အရှုံးခံကာလအဖြစ် စီမံကိန်းကို ဆောင်ရွက်ခဲ့ရတယ်၊ ခုလက်ရှိအချိန်မှာ စင်ကာပူနိုင်ငံက သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်၊ ဒီလုပ်ငန်းတစ်ခုထဲမဟုတ်ပဲ၊ ထုတ်လုပ်တဲ့ အပိုင်းကိုပါ ပူးပေါင်းတာ ဖြစ်ပါတယ်၊၊ ရေယာဉ်တွေကိုလည်း ပင်လယ်သွား၊ မြစ်တွင်းသွား သင်္ဘောပုံစံတွေကို စင်ကာပူနည်းပညာနဲ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်ရောင်းချဖို့အတွက်လည်း ပါဝင်တယ်၊ လက်ရှိ Yangon Water Bus ကို လုပ်ဆောင်တဲ့အပိုင်းမှာလည်း လိုင်းတစ်လိုင်းချင်းစီ စဖွင့်မှာဖြစ်ပါတယ်၊ နောက်ပြီး ငမိုးရိပ်ချောင်းမှာရှိတဲ့ ဆိပ်ကမ်းတွေကိုလည်း အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဆိပ်ကမ်းဆောက်လုပ်ရေးနဲ့ ခွင့်ပြုချက်ရရှိရေးကို လုပ်ဆောင် သွားမှာဖြစ်ပါတယ်၊ ဒီနေ့က ရန်ကုန်လမ်းသစ်နဲ့ ဆာပါချောင်ကို ပြေးဆွဲတာဖြစ်ပါတယ်၊ ဆက်လက်ပြီး သမ္မတကမ်းခြေ မှ ဗိုလ်တထောင်၊ အံကြီးအရှေ့မှ ပန်းဆိုးတန်းဆိပ်ကမ်းတို့ရှိ ခရီးစဉ်များကို ပြေးဆွဲပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု Tint Tint Myanmar Group ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင် က ပြောသည်။
ယနေ့ ပြန်လည်ပြေးဆွဲသည့် Yangon Water Bus တွင် Payment စက်များ တပ်ဆင်ထားရှိပြီး၊ KBZ Pay၊ CB Wave Money Account များဖြင့် ရေယာဉ်စီးနင်းခ ပေးချေနိုင်သည့်စနစ်ကို ထားရှိပြီး ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃၀၀ နှုန်း ကျသင့်မည် ဖြစ်သည်။ ရန်ကုန် (လမ်းသစ်) ဆိပ်ကမ်းမှ ဒလမြို့နယ် ဆာပါချောင်ဆိပ်ကမ်းသို့ နေ့စဉ် နံနက် ၆ နာရီမှ စတင်ပြီး ၉ နာရီ ၄၅ မိနစ် အတွင်း အခေါက်ရေ ၈ ခေါက်နှုန်း၊ မွန်းလွဲပိုင်း ၃ နာရီခွဲမှ ည ၇ နာရီ ၁၅ မိနစ်အတွင် အခေါက်ရေး ၈ ခေါက်နှုန်း စုစုပေါင်း ၁၆ ခေါက်နှုန်းဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ရေယာဉ်ပေါ်တွင် ခရီးသည် ၈၀ ဦး အထိ လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။
Yangon Water Bus ဒလမြို့နယ် ဆာပါချောင်ဆိပ်ကမ်းမှ ရန်ကုန်(လမ်းသစ်)ဆိပ်ကမ်းတစ်လိုင်း ပြန်လည်ဖွင့်လှစ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်နှင့် Yangon Water Bus မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)