ရန်ကုန် ၁  သြဂုတ်

ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ ပင်မပစ္စည်းသိုလှောင်ရုံ အဆင့်(က) "ကျိုက္ကလို့" မှ(Covid-19 Economic Relief Plan) စီးပွာရေးဖွံ့ဖြိုးမှု အစီအစဉ်အရ တောင်သူများအား မိုးစပါးစိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်နိုင်ရန် အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော မြင်းကောင်ရေ (၉၀) ထွန်စက်ကြီးအစီးရေ(၇၀) ကို မြန်မာနိုင်ငံအနှံ့ရှိ တောင်သူများအား အရစ်ကျ ငွေပေးသွင်းစနစ်ဖြင့် ဇူလိုင် ၃၁ ရက်နေ့ က ထုတ်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး မှ တောင်သူများ လာရောက်ထုတ်ယူလျှက် ရှိပါကြောင်း သိရသည်။

 

အဆိုပါ ထွန်စက်ဝယ်ယူသည့် တောင်သူများအား  စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပြုပြင် ထိန်းသိမ်းနည်း သင်တန်းများ ပို့ချပေးလျက်ရှိရာ အဆိုပါသင်တန်းသို့ စက်မှုလယ်ယာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် လာရောက်အားပေး၍ တောင်သူများအား ယင်းနေ့ တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအတွင်း စက်မှုလယ်ယာဦးစီးဌာနများဖြစ်သော ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးများနှင့် ကချင်၊ ကယား၊ မွန်ပြည်နယ်များက စက်ဝယ်ယူရန် တင်ပြလာသော တောင်သူများကို မိုးကာလ ဥတုရာသီအချိန်မီ ဖြန့်ဖြူးရောင်းချ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးမင်းသိန်း

ဓာတ်ပုံ-မျိုးကြီး