ပခုက္ကူ ၂ ဩဂုတ်
မြိုင်မြို့နယ် နတ်စင်တော တဲတိုက်နှင့် ပတ်ဝန်းကျင်တောတိုက်များအတွက် ဒဂုံတက္ကသိုလ် ရူပဗေဒဌာနမိသားစုက ရေတွင်း၊ ရေစက်၊ ရေစက်ရုံနှင့် ရေလှောင်ကန်တို့ကို သြဂုတ် ၁ ရက် နံနက်ပိုင်းက လှူဒါန်းလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစက်ရေတွင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တွင်းတူးစက်နှင့် နည်းပညာအကူအညီဖြင့် တူးဖော်ပေးခဲ့ပြီး ဒဂုံတက္ကသိုလ် ရူပဗေဒမိသားစုဝင်များက လှူဒါန်းငွေကျပ် ၁၂၁ ဒသမ ၉၆ သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နတ်စင်တောတိုက်ဘုန်းကြီးကျောင်းတွင် တူးဖော်ပေးထားပြီး နတ်စင်တော တဲတိုက်နှင့် ပတ်ဝန်းကျင်တောတိုက် ၆ တိုက်မှ မိသားစု ၁၂၀၀ ကျော်အတွက် သောက်ရေသုံးရေ ဖူလုံသွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပခုက္ကူခရိုင်ရုံးမှ သိရသည်။
စက်ရေတွင်းတူးဖော်ပေးခဲ့သော ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများ၊ ဒဂုံတက္ကသိုလ် ရူပဗေဒဌာန ပါမောက္ခဒေါက်တာမေမြင့်စီနှင့် ရူပဗေဒမိသားစုဝင်များအား မိမိတို့နတ်စင်တော တဲတိုက်နှင့် ပတ်ဝန်းကျင်တဲတိုက်များက ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဒေသသည် မြေသားရေကန်ကို အမှီပြုသုံးစွဲရရာ ရာသီဥတုပြောင်းလဲလာပြီး ရေရရှိမှုနည်းပါးလာသည့်အတွက် ရေလုံလောက်မှုမရှိတော့ပါကြောင်း၊ ယခုလှူဒါန်းမှုကြောင့် သောက်သုံးရေအတွက် ဖူလုံလာမည်ဖြစ်သည့်အတွက် အလှူရှင်များအား အထူးကျေးဇူးတင်ရှိပါကြောင်း နတ်စင်တဲတိုက်မှ ဦးကျော်ဆန်းက ပြောသည်။
ကိုတမာ(ပြန်ဆက်)