ကြံခင်း ၂ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ အမှတ်(၉) တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ်လမ်းပိုင်း၌ (၁၈၁)အဆန်နှင့် (၁၈၂)အစုန် အမြန်ရထားပြေးဆွဲခြင်းကို ဩဂုတ် ၁ ရက်မှ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမြန်ရထားအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ရထားပြေးဆွဲရေးလုပ်ငန်းများ ထိန်းချုပ်ကွပ်ကဲလျက်ရှိကြောင်း၊ အမှတ်(၉) တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ်လမ်းပိုင်း၌ (၁၈၁)အဆန်နှင့် (၁၈၂)အစုန် အမြန်ရထားပြေးဆွဲခြင်း ရပ်နားထားရာမှ ဇူလိုင် ၂၁ ရက်မှစ၍ အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်သဖြင့် ခရီးသွားပြည်သူ များပြားလာသည့်အတွက် သွားလာရေး အဆင်ပြေစေရန် ရပ်နားထားသော အမြန်ရထားအား ဩဂုတ် ၁ ရက်မှ ပြန်လည်ပြေးဆွဲကြောင်း သိရသည်။
အမြန်ရထားသည် အထက်တန်း(၃)တွဲ၊ ရိုးရိုးတန်း(၆)တွဲ၊ ဘရိတ်(၁)တွဲဖြင့် ပြေးဆွဲမှာဖြစ်ပြီး ခရီးသွားပြည်သူများ နေရာခြားထိုင်နိုင်ရန် ခရီးသည်တစ်ဦးလျှင် လက်မှတ်တစ်စောင်စီ ရောင်းချပေးကာ ထိုင်ခုံ(၂)လုံး စီစဉ်ပေးမှာဖြစ်ကြောင်း၊ အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်သူများသာ လက်မှတ်ရောင်းချ သွားလာခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ယခင်ပြေးဆွဲလျက်ရှိသော (၁၈၅)အဆန်နှင့် (၁၈၆)အစုန် စာပို့ရထားသည်လည်း ဆက်လက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ကြံခင်းမြို့ မီးရထားရုံပိုင်ကြီး ဦးမောင်မောင်ဦးထံမှ သိရသည်။
မိုးမိုး(ပြန်/ဆက်)
