နေပြည်တော် ၂ ဩဂုတ်
မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင် ခွင့်ရရှိစေရေးအတွက် လိုအပ်သော မှတ်ပုံတင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းကို ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဦးစားပေးလုပ်ငန်းအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးနေမှုများအနက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်ကောင်စီဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းနောင်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူ တစ်ဦးချင်းထံသို့ ပေးအပ်ကြသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ် ယောက်သွားအင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအနီးရှိ ဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ထမ်းများက ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဆောင်ရွက် ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူ တစ်ဦးချင်းထံ ပေးအပ်ကြသည်။
ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် ချင်းရွာ အခြေခံပညာမူလတန်းကျောင်း၌ ဌာနဝန်ထမ်းများက ဒေသခံပြည်သူများအား နိုင်ငံသားစိစစ် ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာ အခက် အခဲများကို မေးမြန်းဖြည့်ဆည်းပေး၍ ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဒေသခံပြည်သူတစ်ဦးချင်းထံ ပေးအပ်သည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး စဉ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား သည် နိုင်ငံသားတစ်ဦးအတွက် အရေးပါမှု၊ ကတ်ပြားအမှတ်များ မှတ်သားထားရန်နှင့် မပျောက် မပျက်စေရေးအတွက် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်ရေး၊ မဲစာရင်းထုတ်ပြန်ထားရှိမှုတွင် အမည်စာရင်းပါရှိရေးနှင့် မှတ်ပုံတင်အမှတ်များမပါရှိပါက အကြောင်းကြားဖြည့်သွင်းနိုင်ရေးနှင့် မဲစာရင်းတွင်ပါဝင်သော်လည်း မှတ်ပုံတင်မရှိသေးပါကလည်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအား မဲစာရင်းထုတ်ပြန်ထားရှိမှုအပေါ် မှတ်ပုံတင်အမှတ်များ မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မိမိတို့ဌာန ဝန်ထမ်းများ ညှိနှိုင်းပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ ဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီး မှူးများအား မဲစာရင်းတွင်ပါရှိပြီး မှတ်ပုံတင်အမှတ်များ ဖြည့်သွင်းရန်ကျန်ရှိသူများအား စာရင်း ပြုစုကာ မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းနိုင်ရေးလုပ်ငန်းအားဌာန၏ ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်ကြရန် မှာကြားပြီးဖြစ်ကြောင်း၊ ဌာနအနေဖြင့် မြို့နယ်ရုံးအလိုက် လက်ရှိ အင်အားအပေါ်မူတည်၍ ရုံးတွင်ဆောင်ရွက်ပေးရမည့် ရုံးထိုင်အဖွဲ့၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ သွားရောက်၍ မဲစာရင်းတွင် မှတ်ပုံတင်အမှတ်များ ဖြည့်သွင်းရန်ကျန်ရှိသည့် စာရင်းအား မိမိမှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးဖြည့်သွင်းမည့်အဖွဲ့တစ်ဖွဲ့၊ မှတ်ပုံတင်မရှိသေး၍ ဆောင်ရွက်ပေးရန် လိုအပ်သည့် ဒေသများအားရွေးချယ်၍ ကွင်းဆင်းဆောင်ရွက်ပေးရမည့် အဖွဲ့တစ်ဖွဲ့စသည်ဖြင့် အဖွဲ့ သုံးဖွဲ့ခွဲကာ လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုထုတ်ပြန်သည့် မဲစာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်အမှတ်များ ဖော်ပြရန် ကျန်ရှိနေမှုအပေါ် ဌာနအားလုံးက ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မဲစာရင်းတွင် မပါသင့်သူများမပါရှိရေး၊ မဲပေးခွင့်ရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် မဲပေးခွင့်ရရှိရေးသည် နိုင်ငံတော်အတွက် အရေးကြီးသည့် အဓိကလုပ်ငန်းဖြစ်ပြီး ဆောင်ရွက် ကြသူအားလုံးက အမျိုးသားရေးတာဝန် အဖြစ်ခံယူကာ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရှင်းလင်းမှာကြားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မဲပေးခွင့်ရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းတွင်ပါရှိသူများစာရင်းတွင် မှတ်ပုံတင်အမှတ်များ ဖြည့်သွင်းနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းထုတ်ပေးရေးလုပ်ငန်းကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၌ အများပြည်သူရုံးပိတ်ရက်များပါမကျန် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူ ရပ်ကွက်၌ အသက် (၁၀) နှစ်မှ (၁၈) နှစ်ပြည့် လဲလှယ်သူ (၂၁) ဦး၊ အသက် (၁၈) နှစ်ပြည့် လျှောက်ထားသူ (၁၄) ဦး၊ ပျောက်ဆုံး/ပျက်စီး မိတ္တူလျှောက်ထားသူ (၁) ဦး စုစုပေါင်း (၃၆) ဦး၊ ပျဉ်းမနားမြို့နယ် ယောက်သွားအင်း ကျေးရွာအုပ်စု၌ အသက် (၁၈) နှစ်ပြည့် လျှောက်ထားသူ (၃၀)နှင့် ဥတ္တရသီရိ မြို့နယ် ဥတ္တရသီရိရပ်ကွက်၌ အသက် (၁၈) နှစ်ပြည့် လျှောက်ထားသူ (၃၅) ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် ဇမ္ဗူသီရိမြို့နယ် အလျင်လို ကျေးရွာအုပ်စု၊ ပျဉ်းမနားမြို့နယ် ပြူတွင်းကျေးရွာအုပ်စု၊ လယ်ဝေးမြို့နယ် အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်နှင့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ အုပ်စုတို့၌လည်း ယနေ့ရုံးပိတ်ရက်တွင် ဝန်ထမ်းများက တစ်ပြိုင်တည်း ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)