ရန်ကုန် ၂  ဩဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍ ခရိုင်မှုခင်း နှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်  သောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၁ ရက်နေ့ က  လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် လုယက်မှုများ ကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ကျော်ဖြိုးသူ ကို (၁၁)ရပ်ကွက်၊ ပဲခူး လမ်းမပေါ်၌ တွေ့ရှိစစ်ဆေးရာ ၎င်းလက်အတွင်း ကိုင်ဆောင်ထားသော Redmi အမျိုးအစား ဖုန်း(၁)လုံးနှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်မှုမရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိသူ ကျော်ဖြိုးသူ ကို အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းသည် သူငယ်ချင်းဖြစ်သူ ဇင်ထွန်းအောင် နှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တို့အတွင်း ဆိုင်ကယ်ဖြင့် လှည့်လည်သွားလာ၍ ခရီးသွားပြည်သူများထံမှ လက်ကိုင်ဖုန်းအမျိုးမျိုး (၁၆) လုံးကို လုယူခဲ့ကြကြောင်းနှင့် လုယူရရှိသည့် လက်ကိုင်ဖုန်းများကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၈) ရပ်ကွက်နေ ဖြိုးခန့် (ခ) ဖြိုးဖြိုး က လက်ခံ ဝယ်ယူခဲ့ကြောင်း ထပ်မံစစ်ဆေး ပေါ်ပေါက်သဖြင့် ပူးပေါင်းပါဝင်သူ ဇင်ထွန်းအောင် နှင့် လက်ကိုင်ဖုန်းများ လက်ခံဝယ်ယူသူ ဖြိုးခန့်(ခ)ဖြိုးဖြိုး တို့ (၂)ဦးကို အမှုဖြင့်အတည်ပြု ဖမ်းဆီးခဲ့သည်။

 

သက်သေခံပစ္စည်း လက်ကိုင်းဖုန်းအမျိုးမျိုး (၁၆) လုံးကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ကျော်ဖြိုးသူ ပါ (၃) ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)