နေပြည်တော် ၂ ဩဂုတ်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁ ရက် နံနက်ပိုင်းတွင် ကလောမြို့နယ်၊ ပင်လောင်း - အောင်ပန်းသွား ကားလမ်း၊ နန့်အွန်တံတားအနီးတွင် ခွန်စံသိန်း (ခ) တရွှေ မောင်းနှင်ပြီး ထွန်းငွေ လိုက်ပါလာသည့် CALDINA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်အတွင်းမှ ဘိန်းစိမ်း ၂၄ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊
အလားတူ ယင်းနေ့နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီး မူဆယ် - မန္တလေး သွားကားလမ်းတွင် သန့်ဇင်ဝေ (ခ) ဗေကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂,၁၉၀ ကိုလည်းကောင်း၊
ထို့အတူယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၊ မူဆယ် - မန္တလေးသွား ကားလမ်းတွင် သူရအောင် မောင်းနှင်လာသည့် TOYOTA FIELDER အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀၊ လက်ကိုင်ဖုန်း ၂ လုံး၊ မြန်မာငွေကျပ် ၅၀,၀၀၀ တို့ကိုလည်းကောင်း၊
အလားတူထို့နေ့ နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သိန္နီမြို့နယ်၊ နားဆော့ကျေးရွာအုပ်စု၊ စံလောင်းကျေးရွာနေ မခေါင်နော၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ နောင်လွမ်းအား တွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်းနှင့် ၎င်းတို့ ၂ ဦးထံမှ ဘိန်းဖြူ သုည ဒသမ ၁၃၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂,၆၉၅ ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
သတင်းစဉ်