၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက် ၁ဝဝ ပင်မလိုတော့။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်းကို ရပ်ကွက်၊ ကျေးရွာများတွင် လာမည့် သြဂုတ်လ ၇ ရက်နေ့အထိ ပထမအကြိမ်အဖြစ် ကပ်ထားလျက်ရှိပြီး မဲဆန္ဒရှင် ပြည်သူများကလည်း သွားရောက်ကြည့်ရှုလျက်ရှိသည်။
နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟူ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံတော် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်မှာ နိုင်ငံသားများဖြစ်သည်။ အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို မိမိတို့ကိုယ်စား တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများထဲမှ ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူတို့၏ မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ကြခြင်းသည် ဒီမိုကရေစီ၏ အသက်ပင် ဖြစ်သည်။ ရွေးကောက်ပွဲတွင် မိမိ၏ဆန္ဒနှင့်ကိုက်ညီသော ပြည်သူ့ကိုယ်စားလှယ်တစ်ဦးကို မဲပေးခြင်းသည် ပြည်သူတစ်ဦး၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အာဏာကို ကျင့်သုံးခြင်းဖြစ်သလို နိုင်ငံသား တစ်ဦး၏တာဝန်ကို ထမ်းဆောင်ခြင်းလည်းဖြစ်သည်။ သို့ဖြစ်ရာ မိမိ၏ကိုယ်ပိုင် အခွင့်အရေးဖြစ်သော ဆန္ဒမဲတစ်ပြား၏တန်ဖိုးကို ကောင်းစွာနားလည်သဘောပေါက်ပြီး ကောင်းစွာအသုံးချတတ်စေရန်၊ အလဟဿ ဖြုန်းတီးမသွားစေရန်တို့ လိုအပ်သလို မိမိ၏ဆန္ဒမဲကို ရိုးဖြောင့်စွာအသုံးချရန်လည်း လိုအပ်မည်ဖြစ်သည်။
မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်သည် မိမိ၏ဆန္ဒမဲပြားကို နိုင်ငံ အတွက် တန်ဖိုးရှိစွာအသုံးချရာတွင် ကိုယ်စားလှယ်၏ အရည်အချင်း၊ ပါတီ၏မူဝါဒနှင့်လုပ်ငန်းစဉ် စသည်တို့ကို ကောင်းစွာသိရှိနားလည်ရန် လိုအပ်သည်။ ယင်းသို့ နားလည်ရန်အတွက်လည်း ကြိုတင်လေ့လာထားရမည်ဖြစ်သည်။ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟဟူသော အဂတိတရားတစ်ပါးပါး နောက်သို့လိုက်ကာ အဆင်ခြင်ဉာဏ်မဲ့စွာဖြင့် ဆန္ဒမဲပေးမိ မှားပါက နိုင်ငံသား တစ်ယောက်၏ တာဝန်မကျေပွန်မှုဟု ဆိုရမည်ဖြစ်သည့်အပြင် နိုင်ငံအတွက်လည်း နစ်နာမည်ဖြစ်သည်။ ထို့အပြင် မိမိသည် မဲပေးပိုင်ခွင့်ရှိပါလျက် မဲမပေးဘဲရှောင်လွှဲနေခြင်းသည် နိုင်ငံသားအခွင့်အရေးတစ်ရပ် ဆုံးရှုံးရသည့်အပြင် တိုင်းပြည်အပေါ် တာဝန်မကျေပွန်ခြင်းလည်းဖြစ်သည်။ ထို့အပြင် “ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဟူသော အမြင်မှာ လွန်စွာကျဉ်းမြောင်းသည့်အပြင် ကိုယ်မတင်ဘဲ သူတစ်ပါးတို့၏ ဆန္ဒမဲများဖြင့် တက်လာသည့် အစိုးရတစ်ရပ်၏ ကောင်းကျိုးဆိုးပြစ်တို့က ကိုယ်အပါအဝင် ပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံအပေါ် ကျရောက်နေမည်သာဖြစ်သည်ကို နားလည်သဘောပေါက်ထားရမည် ဖြစ်သည်။
မဲဆန္ဒရှင်တိုင်း မဲပေးနိုင်ဖို့ မဲစာရင်းမှာ မိမိအမည်ပါဖို့ လိုသည်။ အချက်အလက်များ မှန်ကန်ဖို့လိုသည်။ မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးနိုင်ရေး၊ မပါသင့်သူများ ပါနေပါက ကန့်ကွက်နိုင်ရေး၊ အချက်အလက်များ မှားယွင်း နေပါက ပြင်ဆင်နိုင်ရေး စသည်တို့ကို ပြုလုပ်နိုင်ရန်အတွက် မိမိတို့နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားသည့် မဲစာရင်းများကို အချိန်မနှောင်းမီ သွားရောက် ကြည့်ရှုကြရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
မြန်မာ့အလင်း